မော်လမြိုင် ၊ မတ် ၁

ချင်းအမျိုးသားနိုင်ငံရေးကို ဦးဆောင်နေတဲ့ ချင်းပြည်ကောင်စီနဲ့ ကြားကာလချင်းအမျိုးသား အ တိုင်ပင်ခံကောင်စီတို့ ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက် ရယူနိုင်ခဲ့ပြီလို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပူးတွဲကြေညာပါတယ်။

ကောင်စီနှစ်ရပ်ရှိနေတာဟာ မဖြစ်သင့်ကြောင်း နှစ်ဘက်က လက်ခံယုံကြည်တာနဲ့အညီ ချင်းအမျိုး သားကောင်စီအဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ကြတာပါ။

အဲဒီအတွက် ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်ရေး ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥ ပဒေမှုကြမ်း ရေးဆွဲရေးအဖွဲ့ကိုလည်းဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတာပါ။

ပေါင်းစည်းသွားတဲ့ ချင်းကောင်စီနှစ်ရပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့ထက်မနည်း စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ သဘောထားကွဲလွဲခဲ့မှုတွေ ရှိခဲ့ပေမယ့် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့တဲ့ ချင်းနှစ်ဖွဲ့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဒီမိုကရေစီအလေ့အကျင့်ကောင်းအဖြစ် စံပြုထိုက်တယ်လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က မွန်မှာ နိုင်ငံရေးဦးဆောင်အဖွဲ့တွေ တစ်စုတည်း ပေါင်းစည်းနိုင်ရေးဟာ မွန်ပြည်သူတွေ လိုလားတဲ့ အရာဖြစ်လို့ ကောင်းကျိုးအများကြီးပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံရေး ဦးဆောင်အဖွဲ့တွေ ပေါင်းစည်းလာနိုင်မယ်ဆိုရင် ပထမဆုံးအနေနဲ့ လူထုထောက်ခံမှုတခဲနက် ရရှိလာမှာဖြစ်ပါတယ်။ တော်လှန်ရေးတရပ်ဆင်နွှဲတဲ့အခါ လူထုထောက်ခံမှုက အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီကတဆင့် တကယ့်ကို လူထုထောက်ခံမှုရှိတဲ့ အစိုးရတစ်ရပ်ကို ပုံဖော်လာနိုင်မှာဖြစ်ပါတယ်။ မွန်ဒေသမှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေကို နိုင်ငံရေးဦးဆောင်မှု ပေးလာနိုင်မှာဖြစ်ပါတယ်။ မွန်ဒေသအခြေပြုတဲ့ နိုင်ငံရေးဦးဆောင်မှုရှိတဲ့ လက်နက်ကိုင်တပ်တွေ ဖြစ်လာမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး ပိုမိုမြန်ဆန်လာနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ချင်းအပါအဝင် လူမျိုးအခြေပြု တိုင်းရင်းသားဒေသအများစုမှာ စစ်ကောင် စီကင်းစင်တဲ့ လွတ်မြောက်နယ်မြေတွေ ဖော်ဆောင်နိုင်ခဲ့ကြပေမယ့် မွန်ပြည်နယ်မှာတော့ အခုထက်ထိ မရှိသေးပါဘူး။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အခြားတိုင်းရင်းသားတွေထက် အားနည်းနေတဲ့ မွန်မှာ အမျိုး သားနိုင်ငံရေးကို ဦးဆောင်နေတဲ့ အဖွဲ့တွေကတော့ ရပ်တည်ချက်ချင်း မတူညီကြတဲ့အတွက် ပေါင်း စည်းနိုင်ခြင်းလည်း မရှိပါဘူး။

လက်ရှိ မွန်နိုင်ငံရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက် ပွဲဝင်နေကြတဲ့ အုပ်စုတို့ ရှိနေကြတာပါ။

အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ရေးထိုးထားတဲ့ သက်တမ်းရင့် မွန်ပြည်သစ်ပါတီ ဗဟိုနဲ့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့်ရထားကြတဲ့ မွန်နိုင်ငံရေးပါတီတို့ဟာ ပထမအုပ်စုမှာ ပါဝင်ပါတယ်။

ဒုတိယအုပ်စုမှာတော့ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာကြတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင် မွန်ပြည်သစ်ပါတီ AD ၊ မွန်ဒေသနဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်း နိုင်ငံရေးအဖွဲ့တွေ ပါဝင်နေကြတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ နိုင်မွန်စိုင်းက မွန်မှာ နိုင်ငံရေးဦးဆောင်မှုအဖွဲ့တွေက ချင်းတွေနဲ့ မတူပဲ တော်တော်များများ ကွဲပြားနေတဲ့အတွက် တော်လှန်ရေးမှာ ပါဝင်နေတဲ့အဖွဲ့တွေ ညှိ နှိုင်းဖို့ လိုလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ ကျွန်တော်တို့လိုမျိုး ဖက်ဒရယ်ဒီမိုကရေစီချာတာအပေါ်မှာ အလေးထားပြီး ပြည် နယ်ယူနစ်ဖော်ဆောင်မှုကို အားသန်နေတဲ့ အဖွဲ့တွေရှိသလို နောက်မွန်လူမျိုးတွေကို ဦးဆောင်တဲ့ တိုင်းရင်းသားကိုအခြေခံတဲ့ တော်လှန်ရေးအဖွဲ့အစည်း မွန်ပြည်သစ်ပါတီ AD လိုမျိုး ရှိနေတယ်။ တချိန်တည်းမှာပဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံတဲ့ အဖွဲ့အစည်းတွေပေါ့။ဒီလိုမျိုး မတူညီတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ကြဖို့ လိုလိမ့်မယ်လို့ မြင်တယ်။ ဘာလို့ဆို ဒီလိုမျိုးမညှိနှိုင်းနိုင်ရင် ကျွန်တော်တို့သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီလမ်း ကြောင်းရယ် ပြည်နယ်ရဲ့ ဖော်ထုတ်ရေးကိစ္စတွေကို ဘယ်လိုမှ ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ NUG အပါအဝင် NUCC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရေးဆွဲနေတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီ AD တို့ ပါဝင်နေပါတယ်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်‌ရေးမှာ ပြည်နယ်အားကောင်းရေးကနေ ပြည် ထောင်စုအားကောင်းရေး (Bottom up Federalism Approach) ချဉ်းကပ်မှုနဲ့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် စစ်ကောင်စီကို တော်လှန်ဖို့ နိုင်ငံရေးခံယူချက်တူတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ ရဲဘော်တွေက မိခင်ပါတီကနေ ခွဲထွက်ကာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ပါတီကနေခွဲထွက်ပြီး မွန်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းစည်းတာဟာ မွန်ပြည်လွတ်မြောက် ရေးအတွက် အဓိပ္ပာယ်ရှိလိမ့်မယ်လို့ ထောက်ပြပါတယ်။

“ဒါကတော့ စိတ်မကောင်းစရာဖြစ်ပေမယ့် အစဉ်အလာရှိတဲ့ မွန်ခေါင်းဆောင်တွေက စစ်ကောင်စီရဲ့ NCA လုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်နေတဲ့အတွက် လူငယ်တွေက မခံမရပ်နိုင်ဖြစ်ပြီး အခုလို ခွဲထွက်ပြီး တိုက်ပွဲဆင်ဖို့ သူတို့ (မွန်လက်နက်ကိုင်လေးဖွဲ့) ပေါင်းစည်းလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒါ တစ်ဘက်က ပေါင်းစည်းတာ ကောင်းတဲ့ကိစ္စဖြစ်ပြီး တစ်ဘက်က အရမ်းအစဉ်အလာရှိတဲ့ NCA မွန်ပြည်သစ်ပါတီနဲ့ ခွဲထွက်မှသာလျှင် မွန်ပြည်နယ်လွတ်မြောက်ရေးဟာလည်း အဓိပ္ပာယ်ရှိလာလိမ့်မယ်ဆိုတဲ့အနေအထားတစ်ခု ဖြစ်ပါတယ်လို့ ကျွန်တော်တော့ ပြောပြပါရစေ”လို့ ဆိုပါတယ်။

တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး ပထမအဆင့်အနေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ မွန်လက်နက်ကိုင်တပ်လေးတပ်က ရာမညစစ်ကြောင်းကို ဖွဲ့စည်းလိုက်တယ်လို့ အာဏာ သိမ်းလေးနှစ်ပြည့်ခါနီး ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ကြတာပါ။

အဲဒီစစ်ကြောင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF တို့ ပါဝင်ပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုကတော့ မွန်လူမျိုးတွေရဲ့ ဆန္ဒပန်းတိုင်ဟာ စစ်မှန်တဲ့ ပြည်ထောင်စုမှာပါတဲ့ မူလအခွင့်အရေးနဲ့ ပြည့်စုံ‌တဲ့ မွန်ပြည်‌တည်‌ဆောက်ရေးလို့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြောခဲ့ပါတယ်။

မွန်ပြည်တည်ဆောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မွန်လူထုတွေကို နှိုးဆော်ထားတာပါ။

မွန်နိုင်ငံရေးသုတေသီတစ်ဦးက မွန်ပြည်သစ်ပါတီဗဟိုရဲ့ ကြေညာချက်ဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ပူးပေါင်းတာမျိုး မဟုတ်တဲ့အတွက် ရပ်တည်ချက်မပြောင်းဘူးလို့ သုံးသပ်ပါတယ်။

အခုနှစ်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုကနေ ဦးဆောင်ကာ ပြည်တွင်းရှိ မွန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မွန်အမျိုးသားညီလာခံကျင်းပဖို့ ရှိနေပြီး ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည် ပြုသွားမယ်လို့ မွန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

တစ်ဘက်မှာ မွန်‌ဒေသတွင်း လူမျိူးအခြေပြု လက်နက်ကိုင်တပ်လေးတပ်ကသာ စစ်ရေးအရ ပေါင်းစည်းမှုရှိနေပြီး လောဆယ်မှာ ဟန်ချက်ညီတဲ့ ဗျူဟာမြောက် ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုတွေ မလုပ်ဆောင်နိုင်သေးပါဘူး။

ဒီအတွက် အမိန့်ပေးကွပ်ကဲမှု COC အရ ဖြစ်စေ ပူးတွဲစစ်ရေးကွပ်ကဲမှု JOC အရဖြစ်စေ ပေါင်း စည်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ အချိတ်ဆက်ရှိဖို့ အထူးလိုအပ်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.