ပေါင်၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ် ပေါင်မြို့နယ် ညောင်ကုန်းကြီးကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က အုပ်ချုပ်ရေးမှူး လင်မယား သေနတ်နဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး ဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ညောင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နေအိမ်ရှေ့မှာ ထိုင်နေစဉ် လူ သုံးဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သွားတာပါ။

“ထောက်ခံစာလုပ်မယ်ဆိုပြီး အိမ်ထဲ ဝင်လာတာ။ ပြီးတာနဲ့လင်မယားနှစ်ယောက်စလုံးကို ပစ်သွားတာ။ အုပ်ကြီးကတော့ နေရာမှာပဲ သေသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးဟာ ရင်ညွှန့်နဲ့ လည်ပင်ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားကာ ဇနီးဖြစ်သူ ဒေါ်မိငယ်က ဝမ်းဗိုက်နဲ့ ဝဲလက်မောင်းမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်ဟာ လက်ရှိမှာတော့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရပါတယ်။
အဲဒီဖြစ်စဉ်ပြီးနောက် တစ်နာရီအချိန်ခန့်အကြာမှာ ထန်းပင်ချောင်ကြီးနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရောက်ရှိလာပြီး ဒေသခံပြည်သူတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ