ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆
ထိုင်းနိုင်ငံသားတွေကို သားကောင်ဖမ်းသလို လိမ်လည်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ လုံးဝ ရှင်းလင်းသွားတဲ့အထိ နှိမ်နင်းသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒီပြဿနာကြီး ရှိနေသ၍ ကြိုးပမ်းမှုတွေကို ရပ်တန့်သွားမှာ မဟုတ်ကြောင်း အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ကမ္ဘောဒီးယားနယ်စပ်ဆီကို ဖေဖော်ဝါရီ ၂၈ ရက်မှာ သွားရောက်ပြီး ပြဿနာတွေကို အနီးကပ် လေ့လာသွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောကြားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ထိုင်း အာဏာပိုင်တွေရဲ့ ကျားဖြန့်လုပ်ငန်း တိုက်ဖျက်နေမှု အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန်က ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက ပြည်နယ် ၁၄ ခုမှာ နယ်စပ်တွေကို ပိတ်ထားပြီး တရုတ်နဲ့မြန်မာကလည်း ပူးပေါင်းဆောင်ရွက်ပေးတာကြောင့် လူတော်တော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

မြဝတီမြို့ကို စီးနင်းမှုအတွင်း ကျားဖြန့်လုပ်ငန်းတွေကနေ ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေရဲ့ သက်ဆိုင်ရာနိုင်ငံတွေက ထိုင်းနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်း ပြဿနာကို ထိုင်း၊ တရုတ်၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့က အလေးအနက်ထား ရှင်းလင်းဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။
ထိုင်းက ကျားဖြန့်ပြဿနာကို အလေးအနက်ထား ဖြေရှင်းနေပြီး မိမိတို့ အရေးယူ ဆောင်ရွက်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေအတွက် အကျိုးဖြစ်ထွန်းစေကြောင်းနဲ့ ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref:Bangkokpost