မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်နဲ့ပဲခူးဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ တိုက်ပွဲတွေ စတင်ဖော်ဆောင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တပ်ထွက်မိန့်ခွန်းမှာ ပြော ဆိုခဲ့ပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်တော် PDF အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ ပြောင်းရွှေ့မှုအပေါ် ဝန်ကြီးချုပ်က မိန့်ခွန်းပြောဆိုထားတာကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တာပါ။
ပြောင်းရွှေ့မယ့်တပ်ရင်းတွေထဲမှာ ရန်ကုန်တိုင်းစစ်ဌာနအောက်ရှိ တပ်ရင်း (၅၁၀၁) နဲ့ တပ်ရင်း (၅၁၀၂)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ နဲ့ တောင်ပိုင်းစစ်ဒေသ လက် ရုံးအထူးတပ်ဖွဲ့ (SOF) တို့ ပါဝင်ပါတယ်။
ကြည်းတပ်ကနေ ဗိုလ်ကြီးအဆင့် CDM ပြုလုပ်ထားတဲ့ ကိုဇင်ယော်က ပဲခူးမှာစစ်ရေးအောင်မြင်မှုအလားလာရှိပေမယ့် ရန်ကုန်ကို တိုက်စစ်ဆင်နိုင်ဖို့ ဆက်စပ်ဒေသတွေ ဟန်ချက်ညီညီ လှုပ်ရှားမှ ရနိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
”ပဲခူးကတော့ အောင်မြင်နိုင်မှုအလားအလာတွေ အများကြီး ရှိပါတယ်။အရှေ့ခြမ်းရော အနောက်ခြမ်းရော ဂဏန်းလက်မပုံစံမျိုးနဲ့ ညှပ်ပိတ်ပြီး တက်လာတာဖြစ်တဲ့အတွက် ရန်ကုန်ကို ထည့်ပြောတာတော့ စစ်ကောင်စီကို ဝေဝါးထွေပြားသွားအောင် လှည့်စားတဲ့ စစ်နည်းပရိယာယ်လို့ပဲ ယူဆပါတယ်ဗျ။ ရန်ကုန်ကို တိုက်စစ်ဖော်မယ်ဆိုရင် ထိစပ်နယ်မြေတွေကလည်း တောက်လျှောက် ဟန် ချက်ညီ စစ်ရေးဖော်ဆောင်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ရင်တော့ ရန်ကုန်မှာ စစ်မျက်နှာစာတစ်ခု ဖော်ဆောင်နိုင်ပါလိမ့်မယ်။ နို့မဟုတ်ရင်တော့ ဖော်ဆောင်မှုဟာ အန္တရာယ်များသလို ခက်လည်းခက်ခဲပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
ရခိုင် – ပဲခူးအစပ်မှာ AA နဲ့ ပူးပေါင်းတိုက်စစ်ဆင်မှုတွေလည်း ရှိနေသလို ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာလည်း တိုက်ပွဲဖော်ဆောင်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပဲခူးတိုင်း၊မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာလည်း ရှိနေတာပါ။
NUG ကလည်း ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ဖို့ ဧရာဝတီတိုင်းစစ်ဌာနကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဗျူဟာတွေအဆင့်အဆင့် ဖွဲ့ စည်းခဲ့ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက် တွဲပူးပေါင်းကာ တိုက်ပွဲဝင်နေတယ်လို့ အသိပေးခဲ့ပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ နိုင်ငံဟာ အာဏာရှင်စနစ်ပျောက်မှ ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် ရည်ရွယ်ချက်တွေ ခိုင်ခိုင်မာမာထားရှိပြီး တော်လှန်ရေးအဖွဲ့တွေကြား သွေးခွဲတဲ့အပေါ် နားမယောင်ဖို့ကိုလည်း သတိပေးထားတာပါ။
အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ကိုပဲ ဦးတည်ပြီး တပ်ထွက်တာဟာ ခရီးကြမ်းဖြစ်တာကြောင့် ဒဏ်ခံနိုင်မယ်လို့လည်း ယုံကြည်ကြောင်း တပ်ပြောင်းရွှေ့မယ့် PDF တပ်ဖွဲ့ဝင်တွေကို ပြောကြားထားတာဖြစ်ပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ ရန်ကုန်နဲ့ ပဲခူးကို တိုက်ပွဲဖော်ဆောင်တဲ့အခါ ဆက်စပ်ဒေသဖြစ်တဲ့ မွန်နဲ့ ကရင်မှာလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နိုင်ရင် စစ်ကောင်စီအတွက် ပိုအထိနာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
မွန်ပြည်နယ်အခြေစိုက် ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရီမွန်ချမ်းက ပဲခူးနဲ့ မွန်မှာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နိုင်ဖို့ မဟာမိတ်တွေအနေနဲ့ အချိတ်ဆက်ရှိဖို့ အထူးလိုအပ်တယ်လို့ ပြောပါတယ်။
“အခုပဲခူးနဲ့ မွန်ဘက်မှာ ဟန်ချက်ညီညီ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နိုင်ဖို့ တော်လှန်ရေးမဟာ မိတ်တပ်ဖွဲ့တွေအနေနဲ့ အချိတ်ဆက်ရှိရှိ ကျစ်ကျစ်လစ်လစ်နဲ့ Change of Command (COC) တစ်ခုမှာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် JOC လို့ခေါ်တဲ့ Join Operation Command အနေနဲ့ဖြစ်ဖြစ် သို့ တည်းမဟုတ် JSOC လို့ခေါ်တဲ့ Join Special Operation Command အနေနဲ့ဖြစ်ဖြစ် ဗျူဟာမြောက်စုဖွဲ့မှုတွေ ပြုလုပ်ထားဖို့ အထူးလိုအပ်တယ်” လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်နဲ့ရခိုင်မှာ တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းတွေ စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရပါတယ်။
အဲဒီစစ်ဆင်ရေးအရှိန်ကြောင့် ဆက်စပ်ဒေသတွေဖြစ်တဲ့ ကချင်၊ချင်း၊ကရင်နီ၊စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း နှစ်ဘက်စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသလို တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ရတာပါ။
ဒါပေမယ့် တောင်ပိုင်းဒေသဖြစ်တဲ့ ပဲခူး၊မွန်၊ကရင်နဲ့ တနင်္သာရီတို့မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ အင် အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိပေမယ့် ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ခြင်း မရှိသေးပါဘူး။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဒေသတွင်းမှာတောင် လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းတဲ့ ဟန်ချက်ညီညီ တိုက်ပွဲဖော်ဆောင်မှုတွေ မရှိသေးဘူးလို့ ပြောပါတယ်။
“မွန်ပြည်နယ်အတွင်းမှာတောင် ဟန်ချက်ညီညီ ဖော်ဆောင်မှုဟာ မရှိသေးဘူးဗျ။ အခုရာမညစစ် ကြောင်းထွက်လာပြီလို့ ဆိုပေမယ့် အဲဒီစစ်ကြောင်းမှာလည်း မွန်တပ်တော် လေးတပ်ပဲပါတယ်။ တခြားသော PDF တို့ အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက လုံးဝ ပါဝင်မှု မရှိသေးဘူး။ ဒီလိုပါဝင်မှု မရှိသေးဘူးဆိုရင် ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်သေးဘူးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်” လို့ ဆိုပါတယ်။
တကယ်လို့ COC အမိန့်ပေးကွပ်ကဲမှုအရဖြစ်စေ Military Alliance မဟာမိတ်တပ်ဖွဲ့ ပူးပေါင်းစစ် ဆင်ရေးအနေနဲ့ဖြစ်စေ လုပ်နိုင်မယ်ဆိုရင် စစ်ကောင်စီအတွက် အခြေအနေပိုဆိုးသွားနိုင်တယ်လို့ နိုင်နဂါးက ထောက်ပြပါတယ်။
ရာမညစစ်ကြောင်းကိုတော့ MSRF အပါအဝင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ ပူးတွဲဖွဲ့စည်းထားကြတာပါ။
စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ ၅၅ ရာခိုင်နှုန်းကို လက်လွှတ်ထားရပြီး ကျန်တဲ့ ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေတာမို့ ၃၂ ရာခိုင်နှုန်းသာ စိုးမိုးအုပ်ချုပ်နိုင်တော့တယ်လို့ NUG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုတွေကို စစ်တပ်အနေနဲ့ စစ် ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကြွေးကြော်ခဲ့ပါတယ်။
စစ်ရေးအကဲခေတ်တွေကတော့ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဘာအစွဲမှမရှိဘဲ အမိန့်ပေးကွပ်ကဲမှုတစ်ခုအောက်မှာ ပေါင်းစည်းနိုင်ရင် တပြိုင်နက်တည်း ဗျူဟာမြောက် စစ်ဆင် ရေးတွေ ဖော်ဆောင်သွားနိုင်မယ်လို့ ထောက်ပြထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSDF