သထုံ၊ ဖေဖော်ဝါရီ ၂၃
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ဘားအံမြို့နယ်တို့က စစ်ဘေးရှောင်နှစ်သောင်းနီးပါးဟာ အခြေခံစားနပ်ရိက္ခာအပါအဝင် ဆေးဝါးကအစ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါလဆန်းပိုင်းကစပြီး အဲဒီမြို့နယ် သုံးခုမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံ နှစ်သောင်းနီးပါး စစ်ရှောင်နေရတာပါ။
စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက် ရှည်ကြာလာတာနဲ့အမျှ အခြေခံစားနပ်ရိက္ခာ၊ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်ကအစ အခက်အခဲ ရှိလာတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
လတ်တလောမှာ စစ်ရှောင်ပြည်သူတွေကို KNU သထုံခရိုင်အဖွဲ့က ကူညီထောက်ပံ့မှုတွေ လုပ် ဆောင်ထားပေမယ့် လိုအပ်ချက်တွေ ရှိနေသေးပြီး ရေရှည်မှာစားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ တဖက်မှာတော့ နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေပြီး စစ်ရှောင်အများစု နေရပ်မပြန်ရဲသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းလေးနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုလိုအပ်လာပြီး ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းအထိ စံချိန်တင် မြင့်တက်လာပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ