ဂျကာတာ၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံသား နှစ်ဦး ခြေထောက်တွေကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဘန်တန်းပြည်နယ် တန်ဂါးရန်းမြို့ရှိ ဆိုခါနို-ဟက်တာ နိုင်ငံတကာလေဆိပ်ကတစ်ဆင့် အစိုးရက ပြန်လည် ပို့ဆောင်ခဲ့တဲ့ လူကုန်ကူးခံရသူ ၄၆ ဦးမှာ အဲဒီ သေနတ် ဒဏ်ရာရထားသူ နှစ်ဦး ပါဝင်ခဲ့တာပါ။

သူတို့အနေနဲ့ ကိုယ်ကာယ မသန်စွမ်း ဖြစ်သွားတာတွေ မရှိပေမယ့် ခြေထောက်တွေမှာ သေနတ် ဒဏ်ရာတွေ ရထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အင်ဒိုနီးရှားနိုင်ငံသားများအပေါ် ကာကွယ်ရေးနဲ့ တရားမျှတရေး ညွှန်ကြားရေးမှူး ဂျူဒါ နူဂရာဟာက ဖေဖော်ဝါရီ ၂၁ ရက်က ပြောကြားလိုက်တာပါ။

သူတို့နှစ်ဦးအနေနဲ့ သေနတ် ဒဏ်ရာ ဘယ်လိုရရှိခဲ့တယ်ဆိုတာနဲ့ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အခြေအနေကို ညွှန်ကြားရေးမှူး ဂျူဒါ နူဂရာဟာက ပြောဆိုတာ မရှိခဲ့ဘဲ ထိုင်းနယ်စပ်က မြဝတီမြို့မှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီး နှိပ်စက်တာ ခံခဲ့ရသူတွေ ဖြစ်တယ်လို့ပဲ ပြောပါတယ်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေထဲက တချို့ကို ကယ်တင်ပြီး မိခင်နိုင်ငံဆီ ပြန်ခေါ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးကို နှစ်သုတ်ခွဲပြီး ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ အဲဒီညွှန်ကြားရေးမှူးကပြောပါတယ်။

ပြန်လည် ခေါ်ယူနိုင်ခဲ့သူတွေထဲမှာ အင်ဒရာမာယု ဒေသဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ် ကောင်စီအဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြဝတီမှာ အင်ဒိုနီးရှားနိုင်ငံသား နောက်ထပ် ၂၇၀ ဦး ပိတ်မိနေဆဲ ဖြစ်ပြီး သူတို့ကို မကြာခင် ပြန်လည် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အင်ဒိုနီးရှားနိုင်ငံသားတွေကို ထိုင်းနဲ့ မြန်မာနိုင်ငံအထိ ရောက်အောင် ပို့ဆောင်ခဲ့သူတွေကို စုံစမ်း ဖော်ထုတ်ပြီး ဥပဒေအတိုင်း အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သရုပ်ဆောင် အလုပ်ကောင်းကောင်း ရမယ်ဆိုတဲ့ ပြောဆိုမှုကြောင့် တရုတ်မင်းသား တစ်ဦး လာရောက်ပြီးနောက် ပြန်ပေးဆွဲ ခံရကာ မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

သူ့ကို ပြန်လည် ကယ်တင်နိုင်ခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပိုအာရုံစိုက်လာပြီး အခုလက်ရှိမှာ ပူးပေါင်း နှိမ်နှင်းနေပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို လက်ခံထားတဲ့ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူက သူ့အနေနဲ့ သူထိန်းချုပ်ထားရာ ဒေသမှာ အဲဒီလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နေတာကို မသိဘူးလို့ ပြောထား ပါတယ်။

ကျားဖြန့်လုပ်ငန်း နှိမ်နှင်းရေးအတွက် စောချစ်သူရဲ့ လက်နက်ကိုင်တပ်က အပူတပြင်း ဆောင်ရွက်နေပြီး ကျားဖြန့်အလုပ်သမား နိုင်ငံခြားသား ၁၀၀၀၀ အထိ ပြန်ပို့ပေးမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ သူတို့ ပြန်လည် ပို့ဆောင်လိုက်တဲ့သူတွေထဲမှာ ကျားဖြန့်လုပ်ငန်းရှင်တွေ ပါဝင်လာတာ မတွေ့ရသေးပါဘူး။

Ref:ANTARA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.