မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံကို ပေးအပ်တဲ့ အမေရိကန်ရဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းခံလိုက်ရတဲ့အပေါ် တရုတ်အတွက် ဩဇာလွှမ်းမိုးမှုရအောင် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချလာနိုင်မလားဆိုတာ မတူညီတဲ့အမြင်တွေ ရှိနေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာသို့ ပံ့ပိုးပေးနေတဲ့ ထောက်ပံ့မှုတွေအတွက် အသုံး စရိတ်တွေကို ပြန်လည်သုံးသပ်ဖို့ ရက်ပေါင်း ၉၀ အတွင်း ဆိုင်းငံ့ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ် USAID ကို ဒေါ်နယ်ထရမ့်က ဖေ ဖော်ဝါရီ ဒုတိယပတ်မှာ ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် အထောက်အပံ့ရယူနေတဲ့ကဏ္ဍတွေလည်း တစ်ပါတည်း ရပ်ဆိုင်းခံလိုက်ရပါတယ်။
အဲဒီထဲမှာ လာမယ့် သုံးနှစ်အတွင်း မြန်မာနိုင်ငံအတွက် ပေးအပ်မယ့် လူ့အခွင့်အရေးဆိုင်ရာအစီအ မံ ၇ ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီမြှင့်တင်ရေးအစီအမံ ၉ ခု အတွက် ဒေါ်လာ သန်း ၃၀ နဲ့ မီဒီယာဖွံ့ဖြိုးရေးအစီအမံအတွက် ဒေါ်လာတစ်သန်း ပါဝင်ပါတယ်။
ဒီအခြေအနေမှာ တရုတ်က လွတ်လပ်တဲ့ မြန်မာ့မီဒီယာတွေရဲ့နေရာကို အရင်ကတည်းက ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်လို့ ဒါကိုအခွင့်ကောင်းယူလာနိုင်တယ်လို့ လွတ်လပ်သော မြန်မာသ တင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မြန်မာ့အသံကနေ လိုင်စင်ရတုန်းက လွှင့်နေတုန်းက ကျွန်တော်တို့ရဲ့ DVB Mizzima ချန်နယ်ကို အာဏာသိမ်းတုန်းက ပြန်သိမ်းသွားတယ်လေ။ သိမ်းသွားပြီး ဘယ်သူ့ကို ပြန်ပေးလိုက်တာလဲဆိုတော့ တစ်ခုကမဟာပေါ့။ ရုပ်ရှင်ချန်နယ်။ တစ်ခုက Lucky 7 ဆိုတာ တခါမှ မကြားဖူးတဲ့ တရုတ်ချန်နယ်ကို ပေးလိုက်တာ။ အဲဒီတော့ တရုတ်အနေနဲ့ နိုင်ငံရေးစီးပွားရေးစစ်ရေးမှာ သူက ဝင်စွက်ဖက်သလိုပဲ သူတို့ရဲ့ ဩဇာထူထောင်ဖို့ မီဒီယာကဏ္ဍကိုလည်း သေချာပေါက် ဝင်လာမှာလို့ပဲ ပြောပါရစေခင်ဗျာ”လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် USAID က မြန်မာနိုင်ငံအတွက် ပရောဂျက် ၃၄ ခုက ရန်ပုံငွေတွေကို ရပ်ဆိုင်းထားတာဖြစ်လို့ လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် ဒေါ်လာ ၂၂ သန်း ပါဝင်ပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးအတွက် ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ ၂၂ သန်းနဲ့ ပညာ ရေးအတွက် ဒေါ်လာသန်း ၃၀ လည်း ရပ်ဆိုင်းခံလိုက်ရတဲ့ ရန်ပုံငွေပရောဂျက်တွေထဲ ပါဝင်နေတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက အကူအညီတွေ ဆိုင်းငံ့ထားတဲ့ကာလအတွင်း နယ်စပ်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအတွက် သက်ရောက်မှုတွေရှိနေတယ်လို့ NUG က ထုတ်ပြောထားတာာပါ။
ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လူသားချင်းစာနာထောင်ထားမှုဆိုင်ရာဌာနနဲ့ ကျန်းမာရေးဌာနတို့ ပေါင်းစည်းပြီး အခြားအထောက်အပံ့တွေရရှိအောင် နည်းလမ်းရှာသွားမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ ရပ်ဆိုင်းထားတဲ့ နိုင်ငံတကာအကူအညီတွေအတွက် ရန်ပုံငွေတွေကို ပြန် လည်ပေးအပ်ဖို့ ရှိ မရှိ အမေရိကန်အစိုးရဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြောလာတာ မရှိသေး ပါဘူး။
အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အနှုတ်လက္ခ ဏာပြနေတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ ပံ့ပိုးမှုတွေ ပြန်မရတော့ဘူးဆိုရင် ကဏ္ဍပေါင်းစုံမှာ အ ကျပ်အတည်းဆိုက်လာနိုင်ပါတယ်။
ဒီအပေါ် လစ်လပ်သွားတဲ့ အထောက်အအပံ့တွေအတွက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ရင်းနှီးမြှပ်နှံမှုအကြောင်းပြချက်နဲ့ နိုင်ငံရေး၊စစ်ရေးမှာ ကြားဝင်ညှိနှိုင်းနေတဲ့ တရုတ်နိုင်ငံက ဝင်ရောက်လာနိုင်မယ့် အနေအထားရှိနေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီလိုအခွင့်အရေးတွေ ပေးအပ်နိုင်စရာအကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်။
“တရုတ်ပြည်အနေနဲ့ မြန်မာပြည်နဲ့ပတ်သက်ပြီး ဒီလိုအခွင့်အရေးမျိုးတွေ ပေးအပ်လာနိုင်စရာအ ကြောင်း သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆို တရုတ်ပြည်က လူ့အခွင့်အရေးဆိုတဲ့ ကုလသမဂ္ဂကနေ ပြဌာန်းအသိအမှတ်ပြုထားတဲ့ လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတာ မဟုတ်ဘူး။ လူတစ်ဦးချင်းအခွင့်အရေးဆိုတာကို သူက (တရုတ်) အလေးထားတာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
ဒီမိုကရေစီနိုင်ငံတွေဟာ လူ့အခွင့်အရေးကို လူတိုင်း အပြည့်အဝရသင့်တယ်ဆိုတဲ့အမြင်နဲ့ အကူ အညီတွေပေးပြီး ဆင်းရဲတဲ့ နိုင်ငံက လူတွေရဲ့ လူမှုစီးပွားရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ မြှင့်တင်ပေးဖို့ ဖန်တီးခဲ့တာလို့ သူက ထောက်ပြပါတယ်။
တစ်ဘက်မှာ ဒေါ်နယ်ထရမ်ရဲ့ နိုင်ငံတကာသို့ပံ့ပိုးပေးနေတဲ့ ကူညီထောက်ပံ့မှုတွေကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်မှုအပေါ် ဖြတ်တောက်လိုက်တာမျိုးမဖြစ်ဖို့ ဆောင်ရွက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောထားတာပါ။
မြန်မာ့အရေးဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအနေနဲ့ ဆက်ရှိနေအောင် အမေရိကန်နိုင်ငံရဲ့ နှစ်ဘက်ပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စည်းရုံးသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်န ဝါရီ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media