နမ့်ဆန်၊ ဖေဖော်ဝါရီ ၂၂
တအာင်းပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ လာမယ့်ပညာသင်နှစ် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်သွားဖို့အတွက် ဆရာ၊ ဆရာမတစ်ထောင်ကျော် ခေါ်ယူခန့်အပ်သွားမယ်လို့ တအာင်းပြည်ပညာရေးကောင်စီ TLEC က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ဆရာမတွေ လိုအပ်နေတယ်လို့ တအာင်းပြည်ပညာရေးကောင်စီက ဆိုပါတယ်။
လက်ရှိမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနက အကြမ်းမဖက် အာဏာဖီရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး CDM ပြုလုပ်ထားတဲ့ ဆရာ ဆရာမ ၅၀၀ ဦးကိုလည်း ခန့်အပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ လာမယ့် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း ၇၀၀ ကျော်ကို ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ TLEC က ဆိုပါတယ်။
TLEC ဟာ တအာင်းပညာရေးကျောင်းတွေကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကလည်း အခြေခံပညာကျောင်းပေါင်း ခြောက်ရာကျော် ဖွင့်လှစ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် TLEC ဟာ တအာင်းပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးသူငယ်တွေရဲ့ ပညာ ရေးအခွင့်အလမ်း ရရှိစေရန်နဲ့ အရည်အသွေးပြည့်မီတဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာဖို့ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLEC