ကော့သောင်း၊ ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရှမ်းကိုးကျေးရွာအုပ်စုမှာ စစ်ကောင်စီအတွက် လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီကို သတင်းပေးနေတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးရန်အောင်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှောင်တခင်စစ်ဆေးပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
ဦးရန်အောင်ဟာ အောင်သာယာကျေးရွာ ကြံ့ခိုင်ရေးပါတီရဲ့ ရပ်ကျေးဥက္ကဌတစ်ဦးဖြစ်သလို စစ်ကောင်စီအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပေးတာအပြင် တော်လှန်ရေး သမားသတင်းတွေကို ထောက်လှမ်းစုံစမ်းပြီး ပေးပို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလိုလုပ်ရပ်တွေကိုမပြုပြင်လို့ အကြိမ်ကြိမ် သတိပေးတားမြစ်စာတွေ ထုတ်ပြန်ပေမယ့် လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ပစ်ခတ်ရှင်း လင်းခဲ့တာဖြစ်ပြီး သယ်ဆောင်လာတဲ့ ရိက္ခာနဲ့အတူ သူရဲ့ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေနဲ့ ပြည်သူ့ စစ်အစရှိတဲ့ စစ်ကောင်စီဒေါက်တိုင်တွေအနေနဲ့ ပြည်သူဘက်ရပ်တည်ပြီး ပူးပေါင်းပေးကြဖို့နဲ့ မပူးပေါင်းတဲ့ ဘယ်သူကိုမဆို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိရောက်စွာအ ရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ကော့သောင်းမြို့နယ် ဟတ်စဒင်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးမြင့်ဆွေကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကော့သောင်း ပကဖ