မန္တလေး၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်မှု ဥပဒေပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။

အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတွေနဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သေဆုံးခဲ့တာပါ။

ဒေါ်စန်းရီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းအား ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့ လူငယ်သုံးဦးကို ဝှက်ထားပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့နဲ့ တရားစွဲဆိုခံရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရကာ အိုးဘိုအကျဉ်းထောင်မှာ ထောင် ဒဏ်ကျခံနေရပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်ဦးက ၂၀၂၅ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထက် ထောင်းတွင်း ဆေးဝါးမလုံလောက်မှုတွေ ရင်ဆိုင်နေရတဲ့နှစ်ဖြစ်ပြီး ထောင်ထဲက AIDS/HIV ရောဂါနဲ့ တီဗီရောဂါသမားတွေအတွက်လည်း ဆေးဝါးတွေ ပြတ်လပ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ ထပ်မံသေဆုံးမှု မဖြစ်စေဖို့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ PPNM က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၀၃ ဦး ရှိပြီး အဲဒီထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့သူ ၆၃ ဦး ရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.