မုံးစီး၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးစီးမြို့နယ် ဆိုက်ခေါင်ကျေးရွာမှာ ကလေးငယ် နှစ်ဦးဟာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ဆိုက်ခေါင်ကျေးရွာနေ ကလေးငယ်နှစ်ဦးဟာ ကျေးရွာအနီးမှာ တွေ့ရှိတဲ့ လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မိုင်းအညီဆိုသူမှာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိုင်းအကာမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ မိုင်းအကာမှာ လက်၊ ခြေထောက်၊ ဝမ်းဗိုက်နဲ့ ပေါင်တွေမှာ ဗုံးစထိမှန်ခဲ့ပြီး လက်ရှိအချိန်မှာ ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း သီပေါမြို့နယ် မြို့ပြင်ရှိ စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ မြရွှေဂူ ဘုန်းကြီးကျောင်းလေးမှာ ကိုမူဆာဆို့တဲ့ အမျိုးသားတစ်ဦး နင်းမိုင်းတစ်လုံးကို တွေ့ရှိပြီး ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA