ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်ရဲ့ အခွန်တိုးမြှင့် ကောက်ခံရေး မူဝါဒရဲ့ အဓိကပစ်မှတ် ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူနိုင်ခြေရှိတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက တရုတ်နဲ့ ကြီးကျယ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုရယူဖို့ အမေရိကန်က သဘောတူခဲ့ပါတယ်။ အခုတော့သဘောတူညီမှုအသစ် တစ်ခု ရယူဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်လို့ သမ္မတ ထရန့်က ဖေဖော်ဝါရီ ၂၀ ရက်မှာ သတင်းထောက်တွေကို ပြောဆိုလာတာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေကို အပြန်အလှန် လေးစားမှုနဲ့ ဖြေရှင်းသင့်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဒုတိယ ရာထူးသက်တမ်း တစ်လပြည့်ချိန်မှာ သမ္မတ ထရန့်က တရုတ်လို ရန်ဖက်နိုင်ငံတွေ၊ ကနေဒါနဲ့ မက္ကစီကိုတို့လို အိမ်နီးချင်းတွေ အပြင် ဥရောပသမဂ္ဂတို့ အပေါ် အခွန်တိုးမြှင့် ကောက်ခံထားပါတယ်။
ဖေဖော်ဝါရီလအစမှာ ထရန့်က တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်း အားလုံးအပေါ် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တရုတ်နဲ့အမေရိကန်တို့ဟာ သူတို့ရဲ့ စိုးရိမ်မှုတွေကို တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုတို့နဲ့ ညှိနှိုင်း ဆွေးနွေးပြီး ဖြေရှင်းသင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောဆိုထားတာပါ။
ကုန်သွယ်ရေးနဲ့ အကောက်အခွန် စစ်ပွဲတွေမှာ အနိုင်ရသူဆိုတာ မရှိဘဲ ကမ္ဘာတဝန်းရှိ လူအများရဲ့ အကျိုးစီးပွားတွေကို ထိခိုက် ပျက်စီးစေရုံပဲ ဖြစ်စေလိမ့်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သီးခြား ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာတော့ တရုတ် စီးပွားရေးဝန်ကြီးဌာနက အမေရိကန်အနေနဲ့ ကမ္ဘာတဝန်း ခြိမ်းခြောက်မှုတွေ လုပ်ဖို့ အခွန်တိုးကောက်တဲ့ နည်းလမ်းကိုပဲ နေရာတိုင်း အသုံးမချသင့်ဘူးလို့ ပြောကြားထားပါတယ်။
အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ တချို့ရဲ့ နှလုံးသည်းပွတ်နေရာကို ထိုးနှက်မှုအဖြစ် သမ္မတထရန့်က အမေရိကန်သို့ တင်သွင်းတဲ့ မော်တော်ကားအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပြီး ဆေးဝါးပစ္စည်းတွေနဲ့ လျှပ်တပိုင်းကူး ပစ္စည်းတွေ အပေါ် အလားတူ အခွန် ဒါမှမဟုတ် အဲဒီထက် ပိုများတဲ့ အခွန်တွေကောက်ခံမယ်လို့ ကြေညာထားပါတယ်။
ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတွေ အပေါ်မှာလည်း အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့်က ကြေညာခဲ့ပြီးမှ ဂငယ်ကွေ့ ပြန်ကွေ့ သွားခဲ့တာပါ။
အမေရိကန်သို့ ကုန်ပစ္စည်း အများဆုံး တင်ပို့နေတဲ့ တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ဓာတ်ငွေ့ အရည်နဲ့ ကျောက်မီးသွေးတို့အပေါ် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာထားပါတယ်။
Ref:AFP