တနင်္သာရီ ၊ ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုး သမီးတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ရေဖြူမြို့နယ်ရှိ ရေဖြူရပ်တော်မူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်ကနေ တိုက်ပွဲမရှိဘဲ ကျခတ္တပင်အင်းကျေးရွာထဲကို လက် နက်ကြီး လေးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျခတ္တပင်အင်းကျေးရွာနေ အသက် ၅၀ ကျော်အ ရွယ် ဒေါ်ခင်ဝင်းဟာ ဦးခေါင်းနဲ့ပေါင်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပြင်ဝန်းကျေးရွာနဲ့ ဘန်းလမွတ်ကျေးရွာတို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊လက်နက်ငယ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြင်ဝန်း၊ ဘန်းလမွတ်၊ အရှေ့မော်တုန်း၊ ထုံနွယ်စတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ