တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး အပါအဝင် တပ်သား ခုနစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါနတပ်ရင်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ခမရ ၅၅၈ တပ်ရင်းက တပ်ကြပ်ကြီးနဲ့ ဒုတပ်စိပ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ခုနှစ်ဦးဟာ လမ်းကင်းယူတဲ့အချိန် ဗျူဟာ ၃၃ နယ်မြေ ဒေါနတပ်ရင်းထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဆက်သွယ် အလင်းဝင်ရောက်ခဲ့တာပါ။

အလင်းဝင်ရောက်လာတဲ့ တပ်သားအားလုံးဟာ အတင်းအဓမ္မ စစ်သား စုဆောင်းခံရသူတွေဖြစ်ပြီး အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်သင်တန်းကျောင်း၊ သထုံအမှတ် ၉ အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင် (ပုသိမ်) သင်းတန်းကျောင်းမှ အပတ်စဉ် ၅ နဲ့ ၆ မှ သင်တန်းဆင်း တပ်သားတွေ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တပ်ကြပ်ကြီး ကျော်စွာဝင်း၊ တပ်သား ချမ်းမွန်၊ တပ်သား မင်းခန့်ဝင်း၊ တပ်သား ကောင်းမြတ်သူ၊ ဒုတပ်စိပ်မှူး ဝိုင်းချစ်ဇော်၊ တပ်သား ကျော်ထက်မိုးနဲ့ တပ်သား ကျော်စွာဟိန်းတို့ဖြစ်ပြီး သူတို့ ခုနစ်ဦးစလုံးဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေါနတပ်ရင်းအနေနဲ့ CDM အလင်းဝင်ရောက်လာသူတွေကို ကနဦးအနေနဲ့ ဆုကြေးငွေတွေ ပေးအပ်ထားပြီး လက်ရှိတပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား ၁၈ ဦး ရှိတယ်လို့ ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ တစ်သောင်းခွဲနီးပါး ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း