မကွေး ဖေဖော်ဝါရီ ၂၀
ဂန့်ဂေါအခြေစိုက် PDF-Gangaw တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ နုတ်ထွက်ပြီး ယောတပ်တော် YA မှာ တာဝန်ထမ်းဆောင်မယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာကြေညာလိုက်ပါတယ်။
ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်းအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ တပ်ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်းအပ်နှံတာကို ကာကွယ်ရေးဝန်ကြီးဌာနဘက်က ခွင့်မပြုခဲ့တဲ့အတွက် တပ်ရင်းမှူးမှအစ ရဲဘော်အားလုံး နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။
“ယောဒေသ အမြန်ဆုံးလွတ်မြောက်ရေး၊ ယောဒေသနဲ့ ယောပြည်သူလူထုတို့ရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ပိုမိုအားစိုက်ပြီး လုပ်ဆောင်လိုတာရယ် စတာတွေကြောင့် ယောတပ်တော် YA မှာ ပြောင်းလဲ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ပြီး MOD ကိုနှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်” လို့ PDF-Gangaw ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အသေးလေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်ရာမှာ စစ်ပုံကျဖို့လိုပြီး ယောဒေသတစ်ခုလုံးမှာ မြို့နယ်အလိုက် ပြန့်ကျဲနေတဲ့ တပ်ရင်းတွေပုံစံနဲ့ မဟုတ်ဘဲ ယောဒေသမှာ တစ်တပ်ထဲ တစ်မိန့်ထဲ တစ်သံထဲဆိုတဲ့ စည်လုံးညီညွတ်ပြီး တပ်ပုံပိုကျတဲ့ တပ်ဖြစ်လိုတယ်လို့ ရဲဘော်အသေးလေးက ပြောပါတယ်။
ဒါ့အပြင် ဖျောက်ဖျက်ခံထားရတဲ့ ယောဒေသရဲ့သမိုင်းကို ထုတ်ဖော်ပြနိုင်ဖို့နဲ့ ယောဒေသကို ကိုယ်စားပြုတဲ့တပ်အနေနဲ့ တည်ရှိပြီး တိုက်ပွဲဝင်လိုတာကြောင့် နှုတ်ထွက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သူတို့သတ်မှတ်လိုက်တဲ့မူအရ တပ်ရင်းပြန်အပ်တာကို လက်မခံတာလို့ သိရပြီး NUG အစိုးရကို တော်လှန်ရေးအစိုးရအဖြစ် လေးစား အသိမှတ်ပြုကာ မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ၊ ပအဖ၊ ပကဖ၊ ပလဖ တွေနဲ့လည်း အချိတ်အဆက်မိမိ ပူးပေါင်း လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယောဒေသ အမြန်ဆုံးလွတ်မြောက်ရေး၊ မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မဆုတ်မနစ် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်လို့ PDF-Gangaw ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
PDF-Ganagaw အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ မနုတ်ထွက်ခင်၂၀၂၄ ခုနှစ်ထဲမှာ ဂန့်ဂေါခရိုင် တပ်ရင်း ၂၊ ၈ နဲ့ ၉ သုံးရင်း ထွက်ထားပြီး ဖြစ်တာကြောင့် ယောမှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ နုတ်ထွက်တဲ့ တပ်ရင်း ၄ ရင်းရှိလာပြီဖြစ်ပြီး အဲဒီ တပ်ရင်းတွေအားလုံး ယောတပ်တော် YA မှာ ဆက်လက်တာဝန် ထမ်းဆောင်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF-Gangaw