မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀
အာဏာသိမ်းလေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသလို ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းခန့်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအရှေ့မြောက်၊ အနောက်မြောက်နဲ့ အရှေ့တောင်ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၁၅ သန်းကျော်ဟာ စာနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာနဲ့ ကြုံတွေနေရတဲ့အပြင် ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေလည်း ဆိုးဝါးစွာ ပြတ်တောက်နေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာလည်း လုံခြုံတဲ့အမိုးအကာနဲ့ သောက်သုံးရေတွေ လိုအပ်နေတယ်လို့ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ငွေကြေးမလုံလောက်မှုနဲ့ အခြားစိန်ခေါ်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ လူပေါင်း ၄ ဒသမ ၂ သန်းကျော်ထံ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှု လိုအပ်ချက်နဲ့ တုံပြန်ရေး အစီအစဉ်တွေအတွက် လူပေါင်း ၅ ဒသမ ၅ သန်းကို ရောက်ရှိဖို့ ရည်မှန်းထားပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံးနိုင်ငံဖြစ်နေတယ်လို့ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media