ရေး၊ ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်း နှစ်ခု တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ကွမ်ဒူးကျေးရွာအနီးရှိ ကွမ်းခြံတစ်ခုမှာ အင် အား ၇၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အရေအတွက် စိစစ်နေဆဲဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာသွားတဲ့အတွက် ကွမ်ဒူးကျေးရွာအနီးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းရဲ့ တပ်ရင်းဌာနချုပ်ရုံးကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ် AD သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိထားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူး