မဲဆောက်၊ ဖေဖော်ဝါရီ ၂၀
သက်ဆိုင်ရာ နိုင်ငံတွေဆီကို ထိုင်းနိုင်ငံကနေတစ်ဆင့် ပြန်လည် ပို့ဆောင်မယ့် ရာနဲ့ချီတဲ့ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်း အလုပ်သမား ပထမအသုတ်ကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ပြီး မဲဆောက်သို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တွေမှာ အလုပ်လုပ်နေတဲ့ ထောင်ချီတဲ့ အလုပ်သမားတွေကို လာမယ့် သီတင်းပတ်တွေ အတွင်း ထိုင်းနိုင်ငံသို့ ထပ်မံ ပို့ဆောင်မှာ ဖြစ်ပြီး လာမယ့် သုံးရက် အတွင်း တရုတ်နိုင်ငံသား ၆၀၀ ဦးကို စတင် ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းတွေမှာ ရာဇဝတ်ဂိုဏ်းတွေက ခေါ်ယူ စေခိုင်းထားတဲ့ နိုင်ငံခြားသား အများစုက သူတို့ဟာ လူကုန်ကူးခံခဲ့ရတာ ဖြစ်ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ လူတွေကို လိမ်လည်ပေးနေရတယ်လို့ ပြောပါတယ်။
ဒီလို တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်နေသူ အများစုက တရုတ် နိုင်ငံသားတွေ ဖြစ်ပြီး ဘေဂျင်းအစိုးရက ကျားဖြန့်ဂိုဏ်း ဖြိုခွင်းရေး မြန်မာနဲ့ ထိုင်းကို ဖိအားပေးနေပါတယ်။
စစ်ကောင်စီ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF က သူတို့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်း အလုပ်သမား ၁၀၀၀၀ ကျော်ကို ပြန်လည် ပို့ဆောင်ရေး စီစဉ်နေတယ်လို့ ပြောကြား ထားပါတယ်။
မြန်မာဘက်က ပို့ဆောင်လိုက်တဲ့ ပထမအသုတ် ကျားဖြန့် အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ခရီးသည်တင်ကားတွေ မဲဆောက်မြို့ဆီ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ရောက်ရှိလာကြောင်း အေအက်ဖ်ပီ သတင်းထောက်တွေက ပြောကြားပါတယ်။

ပထမအသုတ် ပို့ဆောင်လိုက်တဲ့ တရုတ်နိုင်ငံသား ၅၀ ဦး မဲဆောက်သို့ ရောက်ရှိလာပြီး နောက်ထပ် တရုတ်နိုင်ငံသား ၅၀ စီ ပါဝင်တဲ့ အသုတ် သုံးသုတ်ကို အဲဒီနေ့မှာပဲ ဆက်လက် ပို့ဆောင်သွားမှာ ဖြစ်ကြောင်း နယ်စပ်ရှိ တာဝန်ခံအဖွဲ့က ပြောကြားခဲ့ပါတယ်။
မဲဆောက်ကနေ တရုတ်နိုင်ငံသား ၆၀၀ ဦးကို မိခင်နိုင်ငံဆီ ပြန်လည် ခေါ်ယူရေး ဘေဂျင်းအစိုးရက လာမယ့် သုံးရက်အတွင်း လေကြောင်း ခရီးစဉ် ၁၆ ခု စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
အဲဒီ ကျားဖြန့်အလုပ်သမားတွေကို ပြန်လည်ပို့ဆောင်တဲ့ လေကြောင်း ခရီးစဉ်မှာ တရုတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ အတူ လိုက်ပါသွားမှာ ဖြစ်ပြီး မိခင်နိုင်ငံ ပြန်ရောက်ချိန် သူတို့ကို ဘယ်လို အရေးယူသွားမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တရုတ် လုံခြုံရေးအရာရှိတွေဟာ ထိုင်း-မြန်မာ နယ်စပ်သို့ အကြိမ်ကြိမ် လာရောက်ခဲ့ပြီးနောက် အခုလိုမျိုး ကျားဖြန့်အလုပ်သမားတွေ မဲဆောက်သို့ ပြန်ပို့ခံရတာ ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူ အများစုကတော့ သူတို့ဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ရှော့ခ်တိုက်၊ ရိုက်နှက်ခံရပြီး ကျွန်တွေလို အလုပ်လုပ်ခဲ့ကြရတယ်လို့ ပြောဆိုထားပါတယ်။
Ref:AFP