နောင်ချို၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီအချိန်ခန့်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ဆေးရုံမှာလည်း ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိကြဖို့ TNLA က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း နောင်ချိုမြို့နယ် သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA