ထားဝယ်၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နဲ့ ရေဖြူမြို့နယ်မှာ နယ်နမိတ်ချင်းထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာသုံးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစလို့ ထား ဝယ်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့အတူ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေဝိုင်း၊ ကင်းကုန်း၊ ခေါင်တိုင်ပြင်စတဲ့ကျေးရွာသုံးရွာက ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ပဒိုင်းချောင်း၊ ရဲတိုင်၊ ပခပ်အင်းစတဲ့ ကျေးရွာတွေက ဒေသခံတချို့လည်း နီးစပ်ရာ တောတောင်တွေကို ကြိုတင်တိမ်းရှောင်တာတွေ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့က ညနေပိုင်းမှာတော့ ကင်းကုန်းကျေးရွာကို ရောက်ရှိနေပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ဒရုန်းနဲ့ အပြန်အလှန် ဗုံးသီးချ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနဲ့ ထားဝယ်-ထီးခီးကားလမ်းကြားရှိ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း အဲဒီကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်း တံတာတစ်စင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.