ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၀

ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်တဲ့ နှစ်နိုင်ငံကြား ချိတ်ဆက်မှုကို အားကောင်းအောင် လုပ်ဆောင်ပြီး ကုန်သွယ်မှု ပိုမို လွယ်ကူစေရေး ဗီယက်နမ်မြောက်ပိုင်းက အကြီးမားဆုံး ဆိပ်ကမ်းမြို့နဲ့ တရုတ် နယ်စပ်သို့ ဆက်သွယ်မယ့် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ ရထားလမ်း ဖောက်လုပ်ရေး အစီအစဉ်ကို ဗီယက်နမ် လွှတ်တော်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

အဲဒီ ရထားလမ်းအသစ်ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ဆက်စပ် ပစ္စည်းတွေကို အားကိုးနေရတဲ့ Samsung၊ Foxconn ၊Pegatron နဲ့ တခြား နိုင်ငံတကာ လုပ်ငန်းကြီးများ ပါဝင်နေတဲ့ ဗီယက်နမ်ရဲ့ ထုတ်လုပ်ရေး စုရပ်နေရာကို ဖြတ်သန်း ဖောက်လုပ်မှာ ဖြစ်ပါတယ်။

အဲဒီ ရထားလမ်းဟာ ကီလိုမီတာ ၃၉၀ ရှည်မှာ ဖြစ်ပြီး တရုတ် နယ်စပ်ယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ လိုင်ချိုင်မြို့သို့ ဆိပ်ကမ်းမြို့ ဟိုင်ဖွမ်ကနေ ဖောက်လုပ်မှာဖြစ်ပြီး မြို့တော် ဟနွိုင်းကိုလည်း ဖြတ်သန်းသွားမှာပါ။

ရထားလမ်း ဖောက်လုပ်မယ့် အစီအစဉ်ကို ဗီယက်နမ် အမျိုးသားလွှတ်တော်ရဲ့ ၉၅ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြတယ်လို့ လွှတ်တော်တွင်း သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။

ကန်ဒေါ်လာ ၈ ဘီလီယံကျော် ကုန်ကျမယ်လို့ မျှော်လင့်ရတဲ့ အဲဒီစီမံကိန်းအတွက် တရုတ်က ချေးငွေ တချို့ ထုတ်ပေးမယ်လို့ ကတိပေးထားပါတယ်။

ဒါက တရုတ်အစိုးရရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းမှာ ပါဝင်တဲ့ နှစ်နိုင်ငံကြား ရထားလမ်း ချိတ်ဆက်မှု လမ်းကြောင်း နှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။

ဗီယက်နမ်အပေါ် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တားဆီးရေး ဘေဂျင်းက ကြိုးပမ်းနေချိန် တရုတ်သမ္မတ ရှီကျင့်ဖျင် ဟနွိုင်းသို့ လာရောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်မြှင့်ဖို့ သဘောတူခဲ့ပြီးနောက် တစ်နှစ်အကြာမှာ အဲဒီ ရထားလမ်း အစီအစဉ်ကို ဗီယက်နမ်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်ရဲ့ ပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အဦတွေဟာ အားနည်းတယ်လို့ ဆိုရမှာ ဖြစ်ပြီး ရထားလမ်းစနစ်ကလည်း ဖွံ့ဖြိုးမှု မရှိသလို ကုန်းလမ်းပို့ဆောင်ရေးဟာလည်း အသုံးပြုလိုအားကို လိုက်မမီနိုင် ဖြစ်နေပါတယ်။

ကုန်ပစ္စည်း အများအပြား ထုတ်လုပ်နေတဲ့ ဗီယက်နမ်ကို တရုတ်က ကုန်ကြမ်းပစ္စည်းများ တင်ပို့ပေးနေတာကြောင့် အခု ဖောက်လုပ်မယ့် ရထားလမ်းက နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှုကို ပိုမို လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။

ဗီယက်နမ်ဟာ အခြေခံ အဆောက်အဦစီမံကိန်းတွေကို အတည်ပြုပြီးနောက် နောက်ပြန်ဆုတ်လေ့ရှိတဲ့ ရာဇဝင်ရှိပေမယ့် အခု ရထားလမ်းကို ၂၀၃၀ ပြည့်နှစ်မှာ အပြီးသတ် ဖောက်လုပ်သွားမယ်လို့ ပြောဆိုထား ပါတယ်။

ပြည်နယ်နဲ့ မြို့ ၉ မြို့ကို ဖြတ်သန်း ဖောက်လုပ်မယ့် အဲဒီ ရထားလမ်းကိုပြင်သစ်ကိုလိုနီခေတ်မှာ ဖောက်လုပ်ခဲ့တဲ့ ရထားလမ်းတွေ အပေါ် အခြေခံပြီး ဖောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ရှီကျင့်ဖျင်ရဲ့ ဟနွိုင်းခရီးစဉ်အတွင်း ရထားလမ်း ချိတ်ဆက်မှုအပါအဝင် နှစ်နိုင်ငံကြား သဘောတူညီမှုပေါင်း ၃၀ လောက် လက်မှတ် ရေးထိုးခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.