မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၁

တော်လှန်းရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ အင်အားစုတွေအနေနဲ့ ဒီတစ်ကြိမ် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရမယ့်အချိန်လို့ မှတ်ပြီး အချိန်မဆွဲဘဲ အားလုံး အတူတူရုန်းကြဖို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့ အစည်းအ ဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောဆိုသွားတာပါ။

မိမိတို့ မညီညွတ်ရင် အရင့်အရင်ကာလတွေလိုမျိုးပဲ တစ်ဖွဲ့ချင်းစီကိုဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် လုပ်လာမှာဖြစ်တဲ့အတွက် ဒီအခြေအနေမျိုး ထပ်ဖြစ်မလာအောင် အားလုံးရုန်းကန် ကျော်လွှားကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကြည်းတပ်ကနေ ဗိုလ်ကြီးအဆင့် CDM ပြုလုပ်ခဲ့တဲ့ ကိုဇင်ယော်က တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ခဲယမ်းအသင့်တင့်ရှိလာကြပေမယ့် လက်နက်ကိုင်အဖွဲ့အားလုံး ပေါင်းစည်းချိတ်ဆက်မှုမရှိနေဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိမှာလည်း တော်လှန်ရေးတွေဘက်က အင်အားကောင်းလာပြီ။ နေရာအစုံမှာ အဖွဲ့စုံရှိတယ် ။လက်နက်ခဲယမ်းအသင့်တင့်ရှိတယ်။ ဒါပေမယ့် တချို့ နေရာမှာ တိုက်ရင်းနဲ့ သူတို့ဆီက ပြန်ယူရတာရှိတာပေါ့။ လက်နက်ခဲယမ်းမရှိလို့ မတိုက်ဘူးဆိုပြီး လုပ်လို့တော့မရဘူး။ အဲဒီတော့ ရှိပြီးသားအဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက်ရမယ်။ အဓိက ပူးပေါင်းချိတ်ဆက်မှုလိုတာ။ ဘာလို့လဲဆို အခုကျွန် တော်တို့ ပြောခဲ့သလိုပဲ တစ်နိုင်ငံလုံး ဝိုင်းတိုက်တာမှန်ပေမယ့် တစ်နိုင်ငံလုံးက ERO တွေအပါအ ဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို လင့်မချိတ်နိုင်ဘူး၊ ပေါင်းစည်းမှုမရှိဘူး” လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်း ပေါ်ပေါက်လာခဲ့တာပါ။

နွေဦးတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့အတူ အင်အားကြီးဝါရင့်တဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တွန်းလှန်ဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

ဒီအတွက် အာဏာသိမ်းမှုလေးနှစ်အတွင်း မြို့ပေါင်း ၉၅ မြို့အထိ စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရသလို တိုင်းစစ်ဌာနချုပ်နှစ်ခု ကျဆုံးမှုကလည်း စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးလိုက်တာပါ။

တော်လှန်ရေးအင်အားစုတွေဘက်က လွတ်မြောက်နယ်မြေများစွာ ဖော်ဆောင်နိုင်ခဲ့ကြပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီကနေ့အထိ ရပ်တန့်မသွားဘဲ ဆက် လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် တရုတ်အစိုးရဖိအားနဲ့အတူ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လွတ်မြောက်နယ်မြေတွေ ရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တစ်ဘက်မှာ မလွတ်မြောက်သေးတဲ့ ဒေသတွေအပါအဝင် စစ်အာဏာရှင်စနစ် လုံးဝကင်းစင်တဲ့ ဒေသဖြစ်ဖို့ စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်နေကြပေမယ့် ဟန်ချက်ညီညီ တပြိုင်နက်တည်း ထိုးစစ်ဆင်တာမျိုး မတွေ့ရပါဘူး။

ဒီအပေါ် ကိုဇင်ယော်က စစ်တပ်ပြိုဖို့ တစ်နိုင်ငံလုံးမှာ ရှိသမျှ စစ်မျက်နှာပေါင်းစုံကနေ ဝိုင်းတိုက်နိုင်မယ့် တစ်သွေးတစ်သံတစ်မိန့် ချိတ်ဆက်မှုစနစ် လိုအပ်နေတာလို့ ထောက်ပြပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေ ကာကွယ်ရေးတပ်ဖွဲ့တွေကို အမိန့်ပေးနိုင်မယ့် စီးဆင်းမယ့်ဟာ ဟန်ချက်ညီမယ့် စီမံချက်မျိုးတွေမရှိလို့ လေးနှစ်တာကာလကို ကြာလာတာဖြစ်ပါတယ်။ တကယ့်တကယ် စစ်တပ်က သူ့ဘာသာသူတောင်မှပဲ ပြိုနေတဲ့ အနေအထားပေါ့။ ဒီအားကို ကျွန်တော်တို့က အသုံးမချနိုင်တာ။ တကယ်တမ်း စစ်တိုက်ပြီ လက် နက်ကိုင်ပြီဆိုရင် တစ်သွေးတစ်သံတစ်မိန့်ပဲ” လို့ ဆိုပါတယ်။

NUG ဝန်ကြီးချုပ်ကတော့ တော်လှန်ရေးဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှုတွေလည်း ပိုများလာတတ်သလို စစ်အာဏာရှင်ဟာ အချိန်တိုင်းမှာ ပြည်သူကိုနှိပ်စက်ဖို့ အတွေးတွေအပြင် အချင်း ချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေလို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာမျက်နှာစာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့် စစ်အာ ဏာရှင်တွေဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားစောင့်ကြည့်နေဖို့ လိုသလို ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.