ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပေါက်တောကျေးရွာ ရော်ဘာခြံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုကြောင့် မိသားစုဝင် တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က ရော်ဘာအစေးခြစ်လုပ်သား မိသားစုဝင် တစ်ဦးဟာ လမ်းမှာတွေ့ရှိတဲ့ မြေမြှုပ်မိုင်း နှစ်လုံးကို ကောက်ယူခဲ့ပြီးနောက် မိသားစုနဲ့အတူ မိုင်းတစ်လုံးကို ထုခွဲကြည့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းထုခွဲကြည့်ခဲ့တဲ့ အမျိုးသားဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အတူတူရှိနေတဲ့ ကလေးငယ်တစ်ဦး၊ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီမိုင်းဟာ စစ်ကောင်စီရဲ့ အမှတ် ၁၂ တပ်မတော်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ်က ထုတ်လုပ်ထားတဲ့ ကားမိုင်းအမျိုးအစားဖြစ်ပြီး ကျိုက်မရောအခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက ထောင်ထားတာ ဖြစ်နိုင်တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေ၊ စစ်နဲ့သက်ဆိုင်တဲ့အရာတွေကို ထိတွေ့ကိုင်ဆောင်ဆော့ ကစားတာ မပြုဖို့နဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေထံ အကူအညီတောင်းပြီး ရှင်းလင်းပေးဖို့ အကြောင်းကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ် မရမ်းကုန်းရွာအဝင်လမ်းဝမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး အမျိုးသမီး ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MLA