ဘရာစီလီယာ၊ ဖေဖော်ဝါရီ ၁၉
ဘရာဇီးသမ္မတဟောင်း ဂျာယာ ဘိုလ်ဆိုနာရိုဟာ ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ထိပ်တန်း အစိုးရရှေ့နေချုပ်က စွဲချက်တင်လိုက်ပါတယ်။
ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် အသက် ၆၉ နှစ်အရွယ် သမ္မတဟောင်း ဘိုလ်ဆိုနာရိုက သူ့နေရာ ဆက်ခံမယ့် သမ္မတ လူလာ ဒါဆေးလ်ဗား တာဝန်မယူနိုင်အောင် တားဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စွဲချက် ၅ ခုနဲ့ စွဲချက်တင်ခံထားရပါတယ်။

အဲဒီ စွဲချက်တွေထဲမှာ သူက လက်ရှိသမ္မတ လူလာကို ထောင်သွင်း အကျဉ်းချပြီး တရားသူကြီးချုပ် အလက်ဇန်ဒရီ ဒီ မိုရေးကို ပစ်သတ်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေလည်း ပါဝင်ပါတယ်။
သမ္မတဟောင်း ဘိုလ်ဆိုနာရိုက သူ့အနေနဲ့ အမှား တစ်စုံတစ်ရာ လုပ်ထားတာ မရှိဘူးလို့ ငြင်းထားပြီး သူဟာ နိုင်ငံရေးအရ ဖိနှိပ်မှုရဲ့ သားကောင် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အစိုးရရှေ့နေချုပ်ရဲ့ စွဲချက်တင်မှုကို အခုအချိန်မှာ တရားရုံးချုပ်က စိစစ်ဆုံးဖြတ် သွားမှာ ဖြစ်ပါတယ်။
တရားရုံးချုပ်က လက်ခံရင်တော့ ဘိုလ်ဆိုနာရိုနဲ့ နောက်ထပ်လူ ၃၃ ယောက်ဟာ တရားဝင် စွဲချက်တင်ခံရပြီး အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ အတွက် အသုံးပြုခဲ့တဲ့ အီလက်ထရွန်နစ် မဲပေးစနစ်ဟာ ကွန်ရက်ချိုးဖောက်ဖို့ လွယ်ကူပြီး လိမ်လည်လို့ ရနိုင်တယ်လို့ ဘိုလ်ဆိုနာရိုက ပြောဆိုပြီး ဘရာဇီးရဲ့ ဒီမိုကရေစီကို အားလျော့စေခဲ့တဲ့အတွက် ရွေးကောက်ပွဲဝင်ခွင့် ၈ နှစ်ကြာ တားမြစ်ခံခဲ့ရပြီး ဖြစ်ပါတယ်။
အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ အဲဒီ ရွေးကောက်ပွဲမှာ သမ္မတ လူလာက မဲအနည်းငယ် အသာနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သမ္မတဟောင်း ဘိုလ်ဆိုနာရိုက သူရဲ့ ရှုံးနိမ့်မှုကို လုံးဝ လူသိရှင်ကြား ဝန်မခံခဲ့ဘဲ သမ္မတ လူလာ ကျမ်းသစ္စာ ကျိန်ဆိုမှု မတိုင်ခင် အမေရိကန်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ သူ့အပေါ် ထောက်ခံသူတွေက မြို့တော် ဘရာစီလီယာရှိ အစိုးရ အဆောက်အဦတွေကို ဝင်ရောက် ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့က အဓိကရုဏ်းမှာ ပါဝင်သူ ၁၅၀၀ ကို ဖမ်းဆီးခဲ့ပါတယ်။
သူ့ကို အခုနှစ် နှစ်ကုန်ပိုင်းမှာ တရားရုံးချုပ်က ရုံးတင် စစ်ဆေးနိုင်တယ်လို့ ဘရာဇီးမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အစိုးရ ထောက်ခံသူတွေက အဲဒီ သတင်းကို အားရဝမ်းသာ ကြိုဆိုခဲ့ကြပြီး သမ္မတဟောင်းဟာ ထောင်ဒဏ်နဲ့ပဲ ထိုက်တန်တယ်လို့ ပြောဆိုနေကြချိန် အတိုက်အခံတွေက ဘိုလ်ဆိုနာရို အပြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
လက်ရှိ စစ်တမ်းတွေအရ သမ္မတ လူလာအပေါ် လူထု ထောက်ခံမှု ကျဆင်းနေကြောင်း ဖော်ပြနေတာကြောင့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က လာမယ့်နှစ် သမ္မတရွေးကောက်ပွဲအပေါ် အများကြီး သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
Ref:BBC