ကူမင်း ဖေဖော်ဝါရီ ၁၉
တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ဆွေးနွေးမှုမှာ အပစ်ရပ်ရေး သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့တယ်လို့ TNLA က ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ TNLA ကိုယ်စားလှယ်တွေနဲ့ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက် တောင်းဆိုတင်ပြမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပေမယ့်လည်း ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတဲ့အနေအထားနဲ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းမှာ ပြီးဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ TNLA ဘက်က နှစ်ဖက်တပ်တွေအနေနဲ့ ရောက်တဲ့နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက်လုံး ထိုးစစ်ပြုလုပ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲချတာစတဲ့ စစ်ရေးလှုပ်ရှားမှုတွေအားလုံး ရပ်တန့်ဖို့နဲ့ နှစ်ဖက် ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါး သယ်ဆောင်နိုင်ဖို့ ဖြတ်သန်းသွားလာခွင့်ပြုရေး ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုမှာ အခက်အခဲရှိပေမယ့် သက်ဆိုင်ရာ အဖွဲ့တွေအကြား ဆွေးနွေးပြင်ဆင်ပြီး နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ဖို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းရဲ့ ဦးဆောင်ဆွေးနွေးမှုနဲ့ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
အခုလို နှစ်ဖက်တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AFP