နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၀

ပြည်တွင်းပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြဌာန်းလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်နဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဌာန်းတာလို့ ဖော်ပြပါတယ်။

နိုင်ငံတော် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုစေဖို့အပါအဝင် ပုဂ္ဂလိကလုံ ခြုံရေးဝန်ဆောင်မှုကို နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေအပြင် ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်းဆောင်မှုလုပ်ငန်းစဉ်အတွင်း နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ သတင်းတစ်စုံတစ်ရာကိုရရင် အနီးရှိရဲစခန်းသို့ သတင်းပေးပို့ရမယ်လို့ ပြဌာန်းထားတာပါ။

ရှေ့နေကြီးဦးကြီးမြင့်က စစ်ကောင်စီအနေနဲ့ အခုလို ဥပဒေပြဌာန်းလိုက်တာဟာ ပြည်ပရင်းနှီးမြှုပ် နှံမှုတွေအပေါ် လုံခြုံရေးအပြည့်အဝ မပေးနိုင်တော့ဘူးဆိုတာ သက်သေပြလိုက်တာလို့ သုံးသပ်ပါတယ်။

“နိုင်ငံခြားတိုင်းပြည်ရဲ့ စစ်ဘက်ကိစ္စ လက်နက်ကိုင် ကိုင်ဆောင်ထားတဲ့သူတွေကို ဝင်ရောက်စွက် ဖက်ခွင့်ပြုလိုက်တဲ့ ဥပဒေပဲ။ အဲဒီတော့ သူက (စကစ) သူ့ဟာသူ လုံခြုံရေးကို မထိန်းနိုင်တော့ဘူး။ စကစက အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအပေါ် သူ လုံခြုံရေးအပြည့်အဝ မပေးနိုင်တော့ဘူးဆိုတာ သက်သေပြလိုက်တာပဲ။ ဒါကြောင့် ဒီဥပဒေထုတ်ပေးလိုက်တာပဲ”လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပ လုံခြုံရေးကုမ္ပဏီတွေအနေနဲ့ လိုအပ်ချက်အရ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းကိုင်ဆောင်ခွင့်အတွက် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတာပါ။

ဒါပေမယ့် ဘယ်လိုမျိုး လက်နက်ခဲယမ်းတွေကို အသုံးပြုခွင့်ပေးမယ်ဆိုတာ ဥပဒေမှာတိတိကျကျ ထည့်သွင်းသတ်မှတ်ထားတာ မတွေ့ရပါဘူး။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဘယ်နိုင်ငံခြားလက်နက်ကိုင်အဖွဲ့အစည်းကိုမှ လက်ခံခွင့်မပြုရဆိုတဲ့ တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ဦးကြီးမြင့်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်ရေး တရုတ်နဲ့ စစ်ကောင်စီအ ကြား အကျိုးတူလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ဖို့ တရုတ်အစိုးရက အဆိုပြုခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၈ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားတာပါ။

အဲဒီအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လုံခြုံရေးကုမ္ပဏီကြောင့် နိုင်ငံ့အချုပ် အခြာအာဏာကို ထိပါးခြင်းရှိ မရှိ ၊ အခြေခံဥပဒေနဲ့ ဆန့်ကျင်မှု ရှိ မရှိစတာတွေကို စိစစ်ဖို့ လုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ ပုဂ္ဂလိကလုံခြုံရေးဝန်းဆောင်မှု လုပ်ကိုင်နေသူတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းဒါမှမဟုတ် လုပ်ငန်း ခွဲအတွက် ၁၀ ဦးထက်ပိုတဲ့ လုံခြုံရေးဝန်ထမ်းခန့်ထားသူဟာ ဥပဒေပြဌာန်းပြီး ၆ လအတွင်း သတ် မှတ်ချက်နဲ့အညီ လိုင်စင်နဲ့ ခွင့်ပြုမိန့်လျှောက်ထားရမှာပါ။

လိုင်စင်နဲ့ ခွင့်ပြုမိန့်သက်တမ်းကတော့ ထုတ်ပေးတဲ့ရက်ကစပြီး သုံးနှစ်ဖြစ်ပါတယ်။ လိုင်စင်လျှောက်ထားရာမှာ ပြည်တွင်းပြည်ပကုမ္ပဏီတွေအနေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမယ့် ကျော်ဇောသတင်းရှိတဲ့ ကုမ္ပဏီမဖြစ်စေရဘူးလို့ ဆိုပါတယ်။

အာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ အနည်းဆုံး ငွေကျပ်သိန်းတစ်ထောင် နိုင်ငံခြားကုမ္ပဏီဖြစ်ရင်တော့ အဲဒီပမာဏနဲ့ ညီမျှတဲ့ နိုင်ငံခြားသုံးငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရမယ်လို့ ပြဌာန်းထားတာပါ။

ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီဖြစ်ရင် လုံခြုံ‌ရေးဝန်ထမ်း ခန့်ထားရမှာဖြစ်ပြီး မြန်မာနိုင်ငံသား အနည်း ဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အရေအတွက်ကိုတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအတွက် ကန့်သတ်ထားတာ မတွေ့ရပါဘူး။

ရှေ့နေကြီး ဦးကြီးမြင့်ကတော့ စစ်ကောင်စီရဲ့ စစ်သားဟောင်းတွေနဲ့ ပြည်သူ့စစ်တွေ ပါဝင်မှာဖြစ်ပြီး စီမံကိန်းတွေအတွက် တရုတ်လက်နက်ကိုင်တွေ ဝင်လာမယ်ဆိုရင် နိုင်ငံခြားစွက်ဖက်မှုပဲလို့ ပြောပါတယ်။

“ပြည်တွင်းကဆိုတာလည်း သူ့စစ်သားဟောင်းတွေက ပါနေတာပဲလေ ပြည်သူ့စစ်တွေလည်း ပါနေတာပဲ။ အဲဒီတော့ ကျောက်ဖြူကတော့ အခုကတည်းက ဝင်နေပြီ။ အဲဒီတော့ တကယ်လို့များ မူဆယ်နဲ့ ကျောက်ဖြူကို မီးရထားကြီးဖောက်လို့များ တရုတ်လက်နက်ကိုင်အစောင့်အရှောက်တွေနဲ့ လုပ်လာမယ်ဆိုရင် အဲဒါပြည်တွင်းစစ်ဖြစ်မှာပဲ၊ နိုင်ငံခြားစွက်ဖက်မှုပဲလေ။ အဲဒါအခြေခံဥပဒေလည်း ချိုးဖောက်တာပဲ။ အဲဒီလိုတော့မြင်ပါတယ်”လို့ ဆိုပါတယ်။

ဥပဒေမှာတော့ ဝန်ထမ်းခန့်ထားရမှာ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ ကျန်းမာရေးကောင်းမွန်သူ၊ ပြစ်မှုကင်းရှင်းသူ ဖြစ်ရမှာဖြစ်ပြီး နိုင်ငံခြားသားဖြစ်ရင်တော့ ပြည်ပနိုင်ငံတစ်ခုခုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဖြစ်စေရဘူးလို့ ပြဌာန်းထားတာပါ။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ထွေအုပ်၊ မီးသတ်နဲ့ အခြားသော ဝန်ကြီးဌာနတွေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ဗဟိုကော်မတီမှာ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ရဲချုပ်က ဒု-ဥက္ကဋ္ဌ၊ ဒု-ရဲချုပ်က အတွင်းရေးမှူး၊ ရဲဦးစီးအရာရှိချုပ်ကတွဲဖက်အတွင်းရေးမှူးအဖြစ် အဖွဲ့ဝင် ၁၂ ဦးနဲ့အတူ တာဝန်ယူရမယ်လို့ ပြဌာန်းထားတာပါ။

အဲဒီအောက်မှာတော့ တိုင်းနဲ့ပြည်နယ်အလိုက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီတွေ ဖွဲ့စည်းသွားမှာဖြစ်ပြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.