ရီးယာ့ဒ်၊ ဖေဖော်ဝါရီ ၁၈
ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား မြို့တော် ရီးယာ့ဒ်မှာ လေးနာရီကြာ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက် ဆွေးနွေးမှုတွေ အပြုသဘော ဆောင်တယ်လို့ ရုရှားသမ္မတရဲ့ ကရင်မလင်နန်းတော် ကိုယ်စားလှယ်က ပြောကြားလိုက််ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်နဲ့ အမေရိကန် နိုင်ငံခြားရေ ဝန်ကြီး မာကို ရူဘီယိုတို့ တွေ့ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ရာမှာ ယူကရိန်းနဲ့ တခြား ဥရောပနိုင်ငံတစ်ခုခုကိုမှ ဖိတ်ခေါ်ခဲ့တာ မရှိပါဘူး။

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းပါဝင်မှု မရှိတဲ့ ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီမှုမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ စောစောပိုင်းက ပြောထားပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ ဆွေးနွေးပြီးနောက်မှာတော့ သမ္မတ ဇီလန်စကီးက အမေရိကန်ဟာ ရုရှား ကျေနပ်စေဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ကရင်မလင်ရဲ့ ထုတ်ပြန်ချက်မှာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် အနေနဲ့ (လိုအပ်ရင်) သမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားတာကြောင့် ဆွေးနွေးမှုတွေမှာ ရုရှားနဲ့အမေရိကန် အရင်ဆုံး ညှိပြီးမှ ယူကရိန်းကို သဘောတူခိုင်းမယ့် လက္ခဏာတွေ တွေ့မြင်နေရပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်က ဆွေးနွေးမှု စတင်ချိန် နှစ်ဖက်စလုံး နှုတ်ဆိတ်နေခဲ့ကြပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကို အမေရိကန်အနေနဲ့ ယူကရိန်းဖက်က နေမှာလားဆိုတဲ့ မေးခွန်းကိုလည်း ပြန်မဖြေခဲ့ဘူးလို့ ပြောပါတယ်။
ရုရှားက အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လိုတယ်လို့ ပြောဆိုထားချိန်မှာ အခုလိုမျိုး ဆွေးနွေးမှုတွေဟာ ရုရှားအနေနဲ့ စစ်ပွဲကို လေးလေးနက်နက် အဆုံးသတ်လိုတဲ့ ဆန္ဒ ရှိ၊မရှိ မြင်တွေ့ရဖို့ ပထမဆုံး လှုပ်ရှားမှု ဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဖို့ ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ ဖွဲ့သွားမှာ ဖြစ်တယ်လို့ ဝါရှင်တန်က ပြောပါတယ်။
ဒီလို အနေအထားမှာ ယူကရိန်းအနေနဲ့ ရုရှား သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ နယ်မြေတွေကို လက်လွှတ်ရဖို့ ရှိနေပြီး နေတိုးအဖွဲ့ဝင် ဖြစ်ရေး အိပ်မက်ကိုလည်း လက်လွှတ်ရနိုင်ပါတယ်။
ကရင်မလင်နန်းတော် အနေနဲ့ ယူကရိန်း အီးယူအဖွဲ့ဝင် ဖြစ်လာရေးကို တားဆီးမှာ မဟုတ်ပေမယ့် အဖွဲ့ဝင် ဖြစ်လာပြီး မကြာခင် ဘာဖြစ်လာမလဲ ဆိုတာကို ပြောဆိုရခက်တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ ရုရှား တွေ့ဆုံနေချိန်မှာ သမ္မတ ဇီလန်စကီးက နေတိုး အဖွဲ့ဝင် တူရကီနိုင်ငံရဲ့ သမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ ရှိပါတယ်။
Ref:BBC