ဘန်ဒါ ဆရီ ဘာဂါဝမ်၊ ဖေဖော်ဝါရီ ၁၉

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် အဖြေရှာရေး သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနဲ့ စေ့စပ်ညှိနှိုင်းကြဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က တိုက်တွန်းလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်က သူ့ရဲ့ အလွတ်သဘော အကြံပေးအဖွဲ့နဲ့ အပြုသဘောအဆောင်ဆုံး တွေ့ဆုံဆွေးနွေးမှုအတွင်း ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေမှာ အခုလို စေ့စပ်ညှိနှိုင်းရေး ကိစ္စလည်း တစ်ခု အပါအဝင် ဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ဝါက ဆိုပါတယ်။

ဝန်ကြီးချုပ် အန်ဝါရဲ့ အလွတ်သဘော အကြံပေးအဖွဲ့မှာ ပါဝင်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၊ ဘရူနိုင်းဘုရင် ဟာဆာနယ် ဘိုလ်ကီယာတို့နဲ့ တွေ့ဆုံနေပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

အာဆီယံနဲ့ပတ်သက်လို့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ကြွယ်ဝသူ၊ အာဆီယံရဲ့ အတွေ့အကြုံအရှိဆုံး ဘရူနိုင်းဘုရင်နဲ့ မိမိတို့ အားပါးတရဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

မိမိတို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအကြောင်းလည်း ပါဝင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားဆဲ ဖြစ်ပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းရေး ပယ်ချမထားသင့်ဘူးလို့ အန်ဝါက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာကို ဘယ်လိုမျိုး အကောင်းဆုံး ဖြေရှင်းနိုင်မလဲဆိုတာ၊ မိမိတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများကို ဆက်လက် အကြောင်းကြားပေးရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ကျယ်ပြန့်လာနေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း နှိမ်နှင်းရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။

မြန်မာ ပြည်တွင်းစစ်အတွက် အဖြေရှာရေး အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ မလေးရှားက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဘရူနိုင်းဘုရင်တို့ကို အလွတ်သဘော အကြံပေးအရာရှိတွေအဖြစ် ခန့်အပ်ထားတာပါ။

ထိုင်းဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ ဖခင်ဖြစ်သူ သက်ဆင်ကလည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Ref:Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.