ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အမျိုးမျိုးရဲ့ အဓိကကျတဲ့ ခေါင်းဆောင်တွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားအင်အားစုတွေဘက်က တောင်းဆိုချက် စာရင်းအရှည်ကြီးနဲ့ ရောက်လာကြပေမယ့် လက်တွေ့ ကျမယ့် တောင်းဆိုမှုစာရင်း အတိုလေးတွေကိုသာ တင်ပြဖို့ ပြောထားကြောင်း သက်ဆင်က မလေးရှား နိုင်ငံပိုင်သတင်းဌာန Bernama နဲ့ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အများ အသိအမှတ်ပြုနိုင်ဖွယ် မရှိတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မပြောဆိုခင် လက်နက်ကိုင်အဖွဲ့ ပေါင်းစုံနဲ့ အရင် ဆွေးနွေးပြီး အားလုံးပါဝင်တဲ့ ချဉ်းကပ်မှုမျိုး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သက်ဆင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အာဆီယံ အတွက် ဖြေရှင်းရ ခက်ခဲတဲ့ ပြဿနာကြီး ဖြစ်တယ်လို့လည်း သက်ဆင်က ပြောပါတယ်။

သက်ဆင်ဟာ ယခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ အလွတ်သဘော အကြံပေးအရာရှိချုပ်နေရာကို ရယူထားတာပါ။

ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာရဲ့ ဖခင်ဖြစ်သူ သက်ဆင်က မြန်မာတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဘယ်အချိန်က ဘယ်နေရာမှာ တွေ့ဆုံခဲ့တယ်ဆိုတာ အပါအဝင် အသေးစိတ်ကို ပြောဆိုထားတာ မရှိပါဘူး။

ဝန်ကြီးချုပ် အန်ဝါရဲ့ အလွတ်သဘော အကြံပေးအဖြစ် ခန့်အပ် မခံရခင် သက်ဆင်ဟာ မြန်မာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဧပြီလက ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်းစစ်အတွက် အဖြေရှာရေး အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအပေါ် ယုံကြည်မှု အပြည့်အဝ ရှိတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ သဘောတူတယ်ဆိုရင် အာဆီယံအနေနဲ့ နည်းနည်း အလျှော့ပေးသင့်တယ်လို့ ထင်ကြောင်း သက်ဆင်က ဆိုပါတယ်။

ပဋိပက္ခ ဖြေရှင်းရေး မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင် ဆွေးနွေးဖို့လိုတယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ သဘောထားကို မိမိအပြည့်အဝ ထောက်ခံတယ်လို့လည်း သက်ဆင်က ပြောပါတယ်။

Ref: Thai PBS World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.