ဘန်ကောက် ဖေဖော်ဝါရီ ၁၉
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစလို့ မြန်မာနိုင်ငံက ဒေသ ၅ ခုဆီ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ဖြတ်တောက်ထားမှုကို မြန်မာဘက်က ဖယ်ရှားပေးဖို့ တောင်းဆိုထားပေမယ့်လည်း ဆက်လက်ပိတ်ဆို့ထားဖို့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
မြန်မာအစိုးရနဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ကြား တရုတ်နိုင်ငံသားအများစု အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက လူ ၁၂၁၉ ဦးကို ထိုင်းနိုင်ငံဆီ လွှဲပြောင်းပေးဖို့ သဘောတူခဲ့ပြီးတဲ့နောက် အခုလိုတောင်းဆိုချက် ထွက်ပေါ်လာတာဖြစ်တယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိစ္စ ဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံဆီ တရုတ် ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လွီကျုံးယီက အဆိုပြုချက်လေးခု ပေးခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ပြောထားပါတယ်။
အဲဒီအထဲက တောင်းဆိုချက်တစ်ခုမှာတော့ မြန်မာနိုင်ငံဘက်ဆီ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက် ပိတ်ဆို့မှုဟာ မြန်မာနိုင်ငံဘက်က မြို့နယ်တချို့မှာရှိတဲ့ ငွေလိမ်လုပ်ငန်းတွေကို ဖယ်ရှားရှင်းလင်းတဲ့နေရာမှာ အောင်မြင်မှု ရရှိတာကြောင့် ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိပေးဖို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
တခြား အဆိုပြုချက်တွေထဲမှာတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာမယ့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို တားဆီးဖို့ နယ်စပ်ထိန်းချုပ်မှုတွေ ပိုမိုတင်းကြပ်ရေး၊ တရုတ်နိုင်ငံသားတွေကို မိခင်နိုင်ငံပြန်ပို့နိုင်ဖို့ အကူးအပြောင်း လုပ်ဆောင်ပေးနိုင်ရေးတို့လည်း ပါဝင်နေပါတယ်။
တရုတ်နိုင်ငံသားတွေကို ပြန်ပို့တဲ့နေရာမှာ စီစဉ်ပေးဖို့နဲ့ အချက်အလက် စစ်ဆေးတဲ့နေရာမှာ အထောက်အကူပေးဖို့ ထိုင်းနိုင်ငံဆီ တရုတ်ဘက်က အရာရှိတချို့ စေလွှတ်မယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။ နောက်ပြီး တရုတ်နိုင်ငံသား ၃၀၀ လောက်ဟာ အထူးလေယာဉ်တွေနဲ့ မိခင်နိုင်ငံပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ထပ်လောင်း ပြောဆိုထားပါတယ်။
တရုတ်လက်ထောက်ဝန်ကြီး လွီရဲ့ အဆိုပြုချက်တွေထဲမှာ တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့အကြား အချုပ်အခြာအာဏာ၊ နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေကို လေးစားပြီး သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။
တရုတ်ဘက်ကထောက်ပံ့ပေးတဲ့အကူအညီတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်စပ်ပြီး အစည်းအဝေးပွဲတွေ စီစဉ်ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံနဲ့အတူ ပူးတွဲလုပ်ဆောင်ရေး တခြားနိုင်ငံတွေကိုလည်း ဖိတ်ကြားမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။
သတင်းဖော်ပြချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကနေ မဲဆောက်မြို့ဘက်ကို လူပေါင်း ၂၆၀ လွှဲပြောင်းပေးခဲ့ပြီး အဲဒီလူတွေကို အမျိုးသားအဆင့်လွှဲပြောင်းရေးဆိုင်ရာယန္တရားနဲ့ စစ်ဆေးပြီးတဲ့နောက် မိခင်နိုင်ငံတွေဆီ ပြန်ပို့ပေးလိုက်ပြီလို့ သိရပါတယ်။
Ref:ThaiPBS