ဘီးလင်း၊ ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် တပ်ရင်းနဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဘက်က အောက်ကွင်းကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ဘီးလင်းမြို့နယ် အောက်ကွင်းကျေးရွာတွေဖြစ်တဲ့ သစ်တိုကျွန်း၊ ဇုတ်သုတ်၊ အနိုင်းပွန်ကျေးရွာအပါအဝင် ကျေးရွာခုနှစ်ရွာလောက်မှာ တပ်ဖြန့်ထားပြီး ဘီးလင်း – တောင်စွန်း လမ်းပိုင်းမှာလည်း ကင်းပုန်းဝပ်တာနဲ့ ရှောင်တခင်စစ်ဆေးတာတွေ လုပ်ဆောင်နေရတာပါ။

တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ဘီးလင်းအ‌ခြေစိုက် တပ်ရင်းတွေမှာ တင့်ကားတွေ၊ လက် နက်ကြီး ဟောင်ဝှစ်ဇာတွေပါ တပ်ဆင်ထားသလို တပ်ရင်းတစ်ရင်းလျှင် အင်အားရာနဲ့ချီ ဖြည့်တင်းထားတာ ဖြစ်ပါတယ်။

ဘီးလင်း – တောင်စွန်းလမ်းပိုင်းမှာ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံလူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က တပ်ဖြန့်ထားမှုအပါအဝင် ကင်းပုန်းဝပ်တာ၊ နေ့ရောပါ ကင်းလှည့်နေတာကြောင့် ဒေသတွင်းမှာ အပြင်ထွက် သွားလာသူ မရှိသလောက် နည်းပါးလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျေးရွာတွေမှာ တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကျေးရွာနေပြည်သူတွေဆီက အလှူခံပြီးထမင်းထုပ် ပို့ပေးနေတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက် ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် နတ်ကြီး၊ ကျားကွင်း၊ မဲလံအပါအဝင် ကျေးရွာပေါင်း ၆ ရွာလောက်က ဒေသခံတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.