ဘားအံ၊ ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျေးရွာ ၁၁ ရွာက ဒေသခံ ၇၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစပြီး ကမမောင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၈ ခြေမြန် တပ်ရင်းကနေ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတာပါ။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ နေ ရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် ကျို့ပင်ဆိပ် ၊ ဘုရားဆိပ် ၊ တုတ်ကြီး၊ဝဲပျံ၊ ဖားပေါင်ရွာကြီး၊ ရွာလေး၊ မီးဇိုင်း၊ ကပ်ကျော်ကျေးရွာအပါအဝင် ကျေးရွာ ၁၁ ရွာက အိမ်ထောင်စု ၁၂၃၀ ၊ လူဦးရေ ၇၀၀၀ ကျော် တိမ်းရှောင်နေရတာပါ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ဥယျာဉ်ခြံနဲ့ကျောက်ဂူတွေအတွင်းမှာ နေထိုင်နေကြတာကြောင့် အဝတ်အထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီလအတွင်း ကျိုက်ထို၊ ဘီးလင်းနဲ့ ဘားအံမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက် ခိုက်မှုတွေကြောင့် ဒေသခံတစ်သောင်းကျော် စစ်ရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.