မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၉
အာဂျင်တီးနားနိုင်ငံ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို တရားစွဲဆိုထားခြင်းကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
သူတို့နှစ်ဦးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေနည်းတူ တရားခံစာရင်းမှာ ထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေခြင်းအပေါ် မှားယွင်းတဲ့ စွပ်စွဲချက်အဖြစ် အခိုင်အမာမှတ်ယူတယ်လို့ ဆိုပါတယ်။
အခုလို အခြေအနေမှာ သူတို့နှစ်ဦးကို အာဂျင်တီးနားတရားရုံးမှာ မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုတာဟာ ရိုဟင်ဂျာပြည်သူလူထုနဲ့ အခြားပြည်သူလူထုတွေအကြား နားလည်မှု လွဲမှားခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ NUG က ပြောပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ NUG ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လို့ ရေရှည်ငြိမ်းချမ်းရေး သင့်မြတ်ရေးနဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို များစွာ အနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ထည့်သွင်းတရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာဟာ မြန်မာနိုင်ငံသားတွေအချင်းချင်း သွေးစည်းညီညွတ်မှုကို ပြိုကွဲစေတယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမှာသာမက အကြမ်းဖက်စစ်အာဏာရှင်တွေကိုသာ အကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မယ်လို့ NUG က သဘောထားထုတ်ပြန်တာပါ။
၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေမှာ အဲဒီအခါက တရားဝင်ကျင့်သုံးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (ခ)၊ (ဂ) အရ မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်သာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှု၊ ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမယ့်သူတွေမှာ မင်းအောင်လှိုင်နှင့် အပေါင်းအပါတွေသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြပါတယ်။
အဲဒီပြစ်မှုတွေနဲ့ လျော်ညီတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို NUG အနေနဲ့ ထောက်ခံတယ်လို့ ပြောပါတယ်။
ဒါကြောင့် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို UK အခြေစိုက် Burmese Rohingya Organization UK (BROUK) က အာဂျင်တီးနားတရားရုံးကတဆင့် တရားစွဲဆိုခြင်းနဲ့ ဖမ်းဝရမ်းထုတ်ခြင်းကို ကြိုဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI