တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5Thanintharyi ရဲ့အစီခံစာအရသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဟာ ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ ပြည်ထောင်စုလမ်းပိုင်းနဲ့ ရေနက်ဆိပ်ကမ်းဧရိယာကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သလို လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရသူ တိုးလာခဲ့တာပါ။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေ စစ်ကြောင်းထိုးမှုနဲ့ နှစ်ဖက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်ခဲ့ရတဲ့ ပြည်သူအနည်းဆုံး ၃၇,၃၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ တနင်္သာရီမြို့နယ်အပါအဝင် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် မြိတ်ခရိုင်အတွင်းက မြို့နယ်လေးခုမှ ဒေသခံ ၃၉,၉၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တနင်္သာရီ-မောတောင် နယ်စပ်လမ်းပိုင်းကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နေ့စဉ်ဆိုသလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တနင်္သာရီမြို့နယ်တစ်ခုထဲ စစ်ဘေးရှောင်ရတဲ့ ဒေသခံ နှစ်သောင်းနီးပါး ရှိလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ပုလောစစ်ရှောင်စခန်းမှာ နေထိုင်သူ ၃၀၀၀ ဝန်းကျင်သာရှိပြီး ကျန်တဲ့သူတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ဥယျာဉ်ခြံတွေနဲ့ မြို့ပေါ်တွေ ထွက်ပြေးတိမ်ရှောင်ခဲ့တာပါ။
အထူးသဖြင့် USAID ရပ်နားလိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်အဖွဲ့တွေရဲ့ ကူညီပေးရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရသလို စစ်ရှောင်ထောက်ပံ့ရေးပစ္စည်းတွေလည်း ပိုမိုခက်ခဲလာခဲ့ပြီး အချို့စစ်ရှောင်တွေဟာ လပေါင်းများစွာ အကူအညီမရဘဲ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းမှာတော့ ပွင့်လင်းရာသီရောက်ရှိလာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေဟာ မြို့နယ်တိုင်းနီးပါး ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေတွေလည်း တစ်လထက်တစ်လ ပိုမိုမြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၅,၈၀၀ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တောင်ပျောက်တိုက်နယ် စစ်ရှောင်ကူညီရေးအဖွဲ့