ဆိုးလ် ဖေဖော်ဝါရီ ၁၈

တရုတ်အခြေစိုက် ဉာဏ်ရည်တုကုမ္ပဏီတစ်ခုကနေ ဖန်တီးထားတဲ့ DeepSeek မေးလိုရာမေး စက်ရုပ်ဝန်ဆောင်မှုက တောင်ကိုရီးယားနိုင်ငံသား အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို TikTok ကိုပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ဆီပေးပို့လိုက်တယ်လို့ ကိုရီးယားအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မရှင် PIPC က အချက်အလက်စုဆောင်းမှု လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့် တောင်ကိုရီးယားမှာ DeepSeek ကို အသစ်ဒေါင်းလုဒ်ဆွဲ ရယူမှု ယာယီရပ်ဆိုင်းလိုက်ပြီး တစ်ရက်အကြာမှာပဲ အခုလိုမျိုး အတည်ပြုချက် ထုတ်ပြန်လိုက်တာပါ။

DeepSeek ဟာ ByteDance နဲ့ ဆက်သွယ်နေတယ်ဆိုတာ အတည်ပြုနိုင်တဲ့အကြောင်း PIPC အရာရှိတစ်ဦးက ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုအချက်အလက်တွေကို ဘယ်လောက်အတိုင်းအတာအထိ လွှဲပြောင်းပေးလိုက်တယ်ဆိုတာကိုတော့ PIPC အနေနဲ့ အတည်မပြုနိုင်သေးဘူးလို့ အဲဒီအရာရှိက ပြောပါတယ်။

DeepSeek ကနေ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တတိယအဖွဲ့တစ်ခုဆီ ပေါက်ကြားစေနိုင်တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တောင်ကိုရီးယား ဥပဒေအရ အသုံးပြုသူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို တတိယအဖွဲ့ ပြင်ပအဖွဲ့အစည်း တစ်ခုဆီကို ပေးအပ်မယ်ဆိုရင် အဲဒီသုံးစွဲသူဆီကနေ ပြတ်သားတဲ့ ခွင့်ပြုချက် လိုအပ်တာဖြစ်ပါတယ်။

DeepSeek အနေနဲ့ သူတို့ဝန်ဆောင်မှုမှာရှိတဲ့ ဒေတာအချက်အလက် သိုမှီးမှုနဲ့ စီမံခန့်ခွဲမှုနည်းလမ်းတွေကို ရှင်းလင်းထုတ်ပြန်ပေးဖို့ PIPC ဘက်က တရားဝင် တောင်းဆိုထားပါတယ်။

အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ DeepSeek ဟာ တောင်ကိုရီးယားမှာ ကိုယ်စားလှယ်တစ်ယောက်ကို ခန့်အပ်ခဲ့ပြီး ဒေသဆိုင်ရာ ဥပဒေတွေကို ထည့်သွင်းစဉ်းစားရာကနေ အားနည်းချက်တွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်းနဲ့ ကော်မရှင်နဲ့အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ထုတ်ပြောထားပါတယ်။

Ref:Yonhap

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.