မကွေး ဖေဖော်ဝါရီ ၁၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက မဲဇလီရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ရှောင် ၃ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မဲဇလီစခန်းပေါ်က ပစ်တာလား။ ဘယ်ကပစ်တာလဲတော့ မသိဘူး။ဘုန်းကြီးကျောင်းထဲ ပေါက်တာ။ အခုက တအုန်းအုန်းနဲ့ အရှေ့ကကော အနောက်ကကော ဖြစ်နေတာဆိုတော့ သေချာမသိဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို လူနာတင်ယာဉ်နဲ့ ညတွင်းချင်း ပွင့်ဖြူမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရအခြေအနေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ မဒဲကျေးရွာဘက်ကို စစ်ကောင်စီအင်အား ၁၅၀ ကျော်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး အနီးနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာပါ။

ဖေဖော်ဝါရီ ၁၆ နဲ့၁၇ ရက်တွေမှာ အင်းကုန်း၊ မဲဇလီနဲ့ မကျီးစုကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လက်နက်ကြီးကျရောက် ပေါက်ကွဲချိန်မှာ မဲဇလီစခန်းပေါ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ကနီကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ မဲဇလီစခန်းပေါ်ကိုလည်း ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်နေချိန်ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.