ကမမောင်း၊ ဖေဖော်ဝါရီ ၁၉
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အား ဖြည့်ဆည်းလာနေတယ်လို့ KNLA တပ်မဟာ ၅ ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးရွာထဲမှာရှိတဲ့ ဒေသခံတွေရဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
ကမမောင်းမြို့ကို KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာကို စစ်ကောင်စီတပ်က စိုးရိမ်နေတဲ့အတွက် အခုလို ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီး တပ်အင်အားတိုးချဲ့လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
ဒေသခံရွာသူရွာသားတွေကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် ကမမောင်းမြို့တဖက်ကမ်းရှိ မြိုင်ကြီးငူဒေသထဲ စစ်ရှောင်တာတွေ ရှိနေတာပါ။
ကမမောင်းမြို့ပေါ်က မြို့ခံတွေအပြင် မြို့အနီးရှိ ဖားဘောင် ကပ်ကျော် မဲသနပ်ခီး စတဲ့ကျေးရွာတွေက ဒေသခံအများစုဟာ မြိုင်ကြီးငူဒေသထဲမှာ တိမ်းရှောင်ထွက်ပြေးလာနေရသလို အချို့ဒေသခံပြည်သူတွေကတော့ ကမမောင်းမြို့အနီးက ကျေးရွာတွေနဲ့ ဘားအံမြို့တွေမှာပါ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာရှိနေတဲ့ ကမမောင်းမြို့ပေါ်မှာ စစ်ကောင်စီတပ် အခြေ ချထားတဲ့ စစ်ဗျူဟာတစ်ခုရှိပြီး ကမမောင်းမြို့အထွက်နားမှာ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ တပ်ရင်းဌာနချုပ်တစ်ခုလည်း ရှိနေပါတယ်။
KNLA တပ်မဟာ ၅ ကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ဖာပွန်ခရိုင် ကမမောင်း-ဖာပွန်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာခဲ့ရာ လက်ရှိမှာတော့ ကမမောင်းမြို့အနီးနားကို ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media