မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၉

နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားဖြည့်တင်းဖို့အတွက် ပြည် သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်နှစ်အတွင်း စစ်မှုထမ်း အပတ်စဉ် ၁၀ အထိ သင်တန်းဖွင့်လှစ်လာတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း အပတ်စဉ် ၁၀ ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က တိုင်းစစ်ဌာနချုပ် ၆ ခုမှာ သင်တန်းဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီဘက်က ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန် လာပါတယ်။

စစ်မှုထမ်း စစ်သားစုဆောင်းရာမှာ အရင်က ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဆင်းရဲနွမ်းပါးသူတွေကို ငွေကြေးနဲ့ စည်းရုံးတာ၊ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ နေအိမ်တွေကို ဆင့်ခေါ်စာပေးပို့ပြီး တစ်ခါတည်း ဖမ်းဆီခေါ်ဆောင်သွားတဲ့အထိ ရှိလာခဲ့တာပါ။

“သူတို့က အခုကတော့ မဲနှိုက်တာ မရှိတော့ဘူး။ စာတစ်စောင်စီရေးလာတယ်။ အုပ်ချုပ်ရေးရုံးကနေ ဒီအိမ်က ဘယ်သူဘယ်ဝါရဲ့ သားက စစ်မှုထမ်းဖို့ အလှည့်ကျပါတယ် ဆိုပြီးတော့ စာပို့လာတယ်။ ပို့လာပြီး ခေါ်တာပေါ့၊ အဲဒီလို လုပ်လာတယ်။ ဆင့်ခေါ်တဲ့ပုံစံ လုပ်လိုက်တယ်” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ အတွက် အရင်လိုလူစားထိုး အငှားခေါ်ယူရ အခက်အ ခဲကြောင့် ညဘက်တွေမှာ သွားလာတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ ရှိသ လို ပွဲလမ်းသဘင်တွေမှာလည်း ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ရေးမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်သားသစ် စုဆောင်းဖို့အတွက် အရင်က ဒေသန္တရအမိန့် ချိုးဖောက်တဲ့သူတွေကိုသာ ဖမ်းဆီး စုဆောင်းခဲ့ရာမှ အခုနောက်ပိုင်း မထင်ရင်မထင်သလို ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

“အရင်က ကျွန်တော်ပြောသလိုပဲပေါ့နော်။ ဒေသန္တရဥပဒေကို ချိုးဖောက်လို့ ဥပမာ မူးယစ်ဆေးဝါး သုံးစွဲလို့ ဆိုင်ကယ်ကို ယောကျာ်းလေး နှစ်ယောက်စီးလို့ အဲဒီလို ပုံစံလေးတွေနဲ့ ဆွဲတာရှိတယ်။ လိုင်စင်မဲ့ကားတို့ ဆိုင်ကယ်တို့ မောင်းတာတို့ပေါ့နော်။ အဲဒါတွေ ဆွဲတာရှိတယ်။ အခုနောက်ပိုင်းကျတော့ စိတ်မထင်ရင် မထင်သလိုဘဲ ဆွဲချလိုက်တာပဲ။ ငွေနဲ့ ပြန်လည်ထုတ်လို့ ရသလို ငွေပေးပြီးတော့ ထုတ်လို့ မရတာတွေလည်း အများကြီးရှိတယ်လို့ ကြားရတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ တပ်သားတွေ ထိခိုက်သေဆုံးမှု များပြားလာတာနဲ့အမျှ ဒေသတွင်းက လူငယ်တွေကို မဖြစ်မနေ တပ်သားသစ် စုဆောင်းမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိ ထား ဆင်ခြင်နေထိုင်ဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့ သူက တိုက်တွန်းပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ စစ်မှုထမ်းအတွက် လူငယ် ၂၄၀၀၀ နီးပါး အတင်းအဓမ္မ ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.