မြဝတီ ၊ ဖေဖော်ဝါရီ ၁၈
မြဝတီမြို့မှာ ထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်ငန်းက နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းဖို့ မြန်မာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ – ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင်အွန်လိုင်းလောင်း ကစားမှုတွေ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုတွေဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနယ်မြေတွေအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်ပနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တဆင့်ခံဖြတ်သန်းပြီး မြန် မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းတွေကတဆင့် တရားမဝင် ဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံးအရေးယူလွှဲပြောင်းနိုင်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးအပါအဝင် တရုတ်နဲ့ထိုင်းက တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၇ ရက်နေ့က မြဝတီမြို့ကို ရောက်ရှိလာကြတာပါ။
သုံးနိုင်ငံပူးပေါင်းအဖွဲ့ဟာ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေကို စစ်ဆေးဖော် ထုတ်ပြီး ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းတွေစာရင်းကောက်ယူခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ကျားဖြန့်လုပ်ငန်းက နိုင်ငံခြားသားတွေကို ဘယ်လိုပုံစံနဲ့ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန် လည်လွှဲပြောင်းမယ် ဘယ်နိုင်ငံသားတွေ ပါဝင်တယ်ဆိုတာ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။
စစ်ကောင်စီအနေနဲ့ မြန်မာနယ်စပ်ဒေသတွေမှာ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို တိုက်ဖျက်နိုင်ရေး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အ စည်းတွေနဲ့ ပူးပေါင်းဖော်ထုတ်အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်တဲ့ ရွှေကုက္ကုလ်မြို့သစ်ကို ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF က ထိန်းချုပ်ထားပြီး KK Park ကိုတော့ NCA အပစ်ရပ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA က ထိန်းချုပ်ထားတာပါ။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့အတူ လက်တွဲလုပ်ဆောင်တာမရှိဘဲ အဲဒီလုပ်ငန်းတွေလုပ်ဖို့ မြေနေရာငှားရမ်းခကိုသာ ကောက်ခံခဲ့တာလို့ ဖေ ဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် အဲဒီငွေလိမ်လုပ်ငန်းထဲမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၀၀၀ ကျော်ကိုလည်း ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။
မြဝတီမြို့မှာ နိုင်ငံစုံက နိုင်ငံခြားသား ၇၀၀၀၀ လောက်ရှိပြီး အများစုက တရုတ်နိုင်ငံသားတွေ ဖြစ် ကြောင်းနဲ့ ငွေလိမ်လုပ်ငန်းတွေအားလုံးကို အခုလအတွင်း ပိတ်ပစ်မယ်လို့ သူက ပြောဆိုကြောင်း Thai PBS သတင်းက ဖော်ပြထားတာပါ။
တရုတ်အစိုးရဖိအားနဲ့ ကျားဖြန့်လုပ်ငန်းနှိမ်နင်းဖို့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ မြန်မာဘက်ခြမ်းက နယ်စပ်မြို့ ၅ နေရာလောက်ကို ထိုင်းနိုင်ငံက ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီအ ပါအဝင် ကုန်ပစ္စည်းတချို့ကို စတင်ဖြတ်တောက်ခဲ့ပါတယ်။
ဒီအတွက် BGF နဲ့ DKBA တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်ဆီတွေကို အတင်းအဓမ္မဝယ်ယူပြီး မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ ဘုရားသုံးဆူမြို့တွေကို တင်ပို့ရောင်းချနေတာပါ။
အဲဒီအတွက်ကြောင့် မွန်ပြည်နယ်က မြို့နယ်အများစုမှာ တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် တန်းစီစောင့်ဆိုင်း ဝယ်ယူရတဲ့အခြေအနေ ထပ်ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI