မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄

ဟံသာဝတီပျက်သုဉ်းချိန်ကစပြီး ဒီကနေ့အထိ အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရတဲ့ မွန်လူမျိုးတွေအ နေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် ကျရာကဏ္ဍကနေ တိုက်ပွဲဝင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလာပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျရောက်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ လက်ရှိ တော်လှန် ရေးအတွင်း ပါဝင်နေကြတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက သဘောထားကိုယ်စီ ထုတ်ပြန်ကြေညာလာတာပါ။

ဘုံရန်သူ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကလည်း မွန်တော်လှန်ရေးအဖွဲ့အစည်းတွေ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။

အချုပ်အခြာအာဏာသုံးရပ်နဲ့ ပြည့်စုံတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက်နိုင်ရေး ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ဖြစ်စေ ဘဝတူတိုင်းရင်းသားလူမျိုးတွေနဲ့ ဖြစ်စေ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

ဒီအတွက် ပြည်တွင်းပြည်ပရှိ မွန်လူမျိုးတွေ အားလုံး အမျိုးသားရေးတာဝန်သိစိတ်နဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ ကျရာကဏ္ဍ နိုင်ရာဝန်ကနေ ကိုယ်စီပါဝင်ထမ်းရွက်ကြဖို့ ကြေညာ ချက်မှာ တိုက်တွန်းထားတာပါ။

မွန်ပြည်သစ်ပါတီ AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက တစ်မျိုးသားလုံးအသွင်ဆောင်တဲ့ အမျိုးသားရေးတိုက်ပွဲအထိ ရောက်အောင်လုပ်သွားဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ မွန်လူထုတစ်ရပ်လုံး ပါဝင်တဲ့ အမျိုးသားအသွင်ဆောင်တဲ့ တိုက်ပွဲကို ဖော်ဆောင်နိုင်မှသာလျှင် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရရှိမှာဖြစ်တယ်လို့မြင်တယ်။ ဒါကိုလည်း တစ်ပါတီကောင်း တစ်စုတစ်ဖွဲ့ကောင်းလုပ်ရုံနဲ့ ရရှိနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့်မို့ တစ်မျိုးသားလုံးအသွင်ဆောင်တဲ့ အမျိုးသားရေးတိုက်ပွဲအထိ ရောက်အောင် လုပ်ဆောင်သွားဖို့ လိုတယ်။ ကျွန်တော်တို့လည်း ဒီအခြေအနေရောက်အောင် ကြိုးစားပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

မွန်လူမျိုးတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အခွင့်အရေးကို မွန်လူမျိုးတွေ တိုက်ပွဲဝင်မှသာ ရရှိနိုင်မှာဖြစ်လို့ မွန်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်လာနိုင်မှသာ အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD အနေနဲ့ မွန်တော်လှန်ရေးအင်အား ခိုင်မာအားကောင်းလာရေးနဲ့ မွန်တော် လှန်ရေးအင်အားစုတွေ အင်အားတစ်ခုတည်း ဖြစ်ပေါ်လာရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသိပေးတာပါ။

မွန်အဖွဲ့အစည်း ၆ ဖွဲ့ကလည်း တစ်ခုတည်းသော မွန်ပြည်အစိုးရ အမြန်ဆုံးဖော်ဆောင်ရေးအပါအ ဝင် မွန်ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကျရာကဏ္ဍကနေ အတူတကွ တွန်းလှန်တိုက်ပွဲဝင်သွားဖို့ ပူးတွဲတိုက်တွန်းခဲ့ပါတယ်။

လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီညီ ဖော်ဆောင်မှသာ မွန်တို့ လိုလားတောင့်တနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ မွန်ပြည်ကို ရရှိမှာဖြစ်ပြီး ဂုဏ်သိက္ခာရှိရှိ လွတ်လပ်ရှင်သန်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခြင်းကလွဲပြီး အခြားနည်းလမ်းမရှိတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်တို့လိုချင်တဲ့ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ရရှိရေးနှင့် မွန်ပြည်ပေါ်ပေါက်ရေးတို့အတွက် တွေ့ဆုံညှိနှိုင်းခြင်းက ဒီနေ့အချိန်မှာ လက်တွေ့မကျနိုင်တော့ပါဘူး။ မွန်တို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခြင်းမှလွဲပြီး အခြားနည်းလမ်းမရှိတော့ပါဘူး။ ဒါကြောင့် မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်မယ်။ လူကြီးတွေက တော်လှန်ရေးကို ကူညီထောက်ပံ့မယ်ဆိုရင် မွန်တို့လိုလားနေတဲ့ မွန်ပြည်ပေါ်ပေါက်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်လွတ်မြောက်ရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်နေသူတွေကို ပြည် တွင်း ပြည်ပရှိ မွန်လူထုကနေ ဝင်‌ရောက်အားဖြည့် ကူညီထောက်ပံ့ပေးဖို့ကိုလည်း မွန်အဖွဲ့အစည်း ၆ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ တောင်းဆိုထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကတော့ မွန်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ နိုင်ငံရေးအာဏာကို ရယူရာမှာ လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်မှတပါး အခြားမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့အတူ အခြားတော်လှန်တဲ့အင်အားစုတွေနဲ့ အတူတကွ ပူး ပေါင်းပါဝင်ကြဖို့ ပြည်တွင်းပြည်ပရှိ မွန်လူထုတွေကို တိုက်တွန်းတာ ဖြစ်ပါတယ်။

လက်ရှိ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကနေ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မွန်တော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံရေးစစ်‌ရေးမှာ ကိုယ့်အရွေ့နဲ့ကိုယ် ဆက်သွားနေကြတာပါ။

မွန်လက်နက်ကိုင်တော်လှန်ရေးတပ်လေးတပ်ကနေ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရာမညပူးတွဲစစ်ကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

တစ်ဘက်မှာ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးအတွက် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ရေးဆွဲရာမှာ မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့လည်း ပါဝင်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.