ကိဗ်၊ ဖေဖော်ဝါရီ ၁၂

စစ်ပွဲ အဆုံးသတ်ရေး ဖြစ်လာနိုင်ခြေရှိတဲ့ ညှိနှိုင်းမှုတွေမှာ ကိုယ်စီ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ရုရှားနဲ့ လဲလှယ်ရေး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဆိုပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အမှတ်မထင် ဝင်ရောက် တိုက်ခိုက်မှု အတွင်း ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကာ့စ်ဒေသရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ပြန်ပေးရင် ရုရှားအနေနဲ့ ကာ့စ်ဒေသကို ပြန်လည်ထိန်းချုပ်ခွင့် ပြန်ရစေရမယ်လို့ သမ္မတ ဇီလန်စကီးက ဂါးဒီးယန်း သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့တာပါ။

ရုရှားမှာ ယူကရိန်းတို့ သိမ်းယူထားတဲ့ ကာ့စ်ဒေသ အတွက် ရုရှား သိမ်းထားတဲ့ ယူကရိန်းရဲ့ ဘယ်အစိတ်အပိုင်းနဲ့ လဲလှယ်မှာလဲ ဆိုတာကို သူက ပြောကြားတာ မရှိပါဘူး။

ယူကရိန်းနယ်မြေ အများအပြားကို ရုရှားက သိမ်းယူထားချိန်မှာ ယူကရိန်းက စိတ်ဓာတ် မြှင့်တင်ရေး ထိုးစစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုရှား ကာ့စ်ဒေသကို အမှတ်မထင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

အခုတော့ အဲဒီ ဒေသမှာ ရုရှားဖက်ကနေ မြောက်ကိုရီးယား စစ်သားတွေ ပါဝင် တိုက်ခိုက်ပေးနေပါတယ်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ကြွေးကြော်ထားပြီး ရုရှားနဲ့ ယူကရိန်းကြား ညှိနှိုင်းဖို့ ကြံစည်နေပါတယ်။

ထရန့်အနေနဲ့ ရုရှားက လက်ရှိ သိမ်းယူထားတဲ့ နယ်မြေတွေကို ယူကရိန်းက လက်လွှတ်ပေးတာမျိုး အဆိုပြုချက်နဲ့ ညှိနှိုင်းလာနိုင်တယ်လို့ အရာရှိတွေက ပြောဆိုထားတာပါ။

ရုရှားက ယူကရိန်းအရှေ့ပိုင်းနဲ့ ခရိုင်းမီးယားဒေသမှာ နယ်မြေ ၂၀ ရာခိုင်နှုန်း သိမ်းပိုက်ထားပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်က ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေ လေးခု ကို သူတို့ပိုင်ဆိုင်တဲ့ နယ်မြေအဖြစ် ယူကရိန်းဘက်ကနေ အသိအမှတ်ပြုတာ အပါအဝင် စစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်စေမယ်လို့ ကြွေးကြော်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကလည်း ရက်ပေါင်း ၁၀၀ အတွင်း အဆုံးသတ်စေမယ်ဆိုပြီး ပြန်ပြောထားပါတယ်။

အမေရိကန်ဒုသမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အမေရိကန်ကိုယ်စားလှယ် အဖွဲ့ ဥရောပသို့ သွားရောက်ပြီး သမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

Ref:THE HILL

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.