ဘန်ကောက် ဖေဖော်ဝါရီ ၁၂
နိုင်ငံ ၈ နိုင်ငံက ဖုန်းလိမ်လည်ခေါ်ဆိုမှု စင်တာဝန်ထမ်း ၅၃ ဦးကို မြန်မာဘက်ကနေ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်း နယ်စပ်မှာ ပြန်လည်လက်ခံမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ရဲ့ အဆိုအရ မြန်မာနယ်စပ်မြို့နယ်တချို့မှာရှိတဲ့ ဖုန်းငွေလိမ်စင်တာမှာ အလုပ်လုပ်ခဲ့ကြသူ ၅၃ ဦးကို မွန်းလွဲပိုင်းမှာ မြန်မာအာဏာပိုင်တွေဘက်က ပြန်လွှဲပေးမယ်လို့ သတင်းရရှိထားတယ်လို့ သိရပါတယ်။ မြန်မာဘက်က အဲဒီ ၅၃ ဦးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း မရှိတော့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ထိုင်း PBS သတင်းတစ်ခုက ဆိုပါတယ်။
အဲဒီနိုင်ငံခြားသားတွေကို ဘယ်နေရာကနေ လက်လွှဲမယ်ဆိုတာ ဝန်ကြီး Phumtham က မပြောခဲ့ပေမယ့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖုန်းလိမ်လည်ခေါ်ဆိုစင်တာနှစ်ခုရှိနိုင်တဲ့ ရွှေကုက္ကိုလ်နဲ့ KK Park တည်ရှိတဲ့ မြဝတီမြို့နယ် တစ်ဖက်ကမ်း မဲဆောက်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ မှာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
ပြန်လည်လွှဲပြောင်းမယ့်သူတွေထဲမှာ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကင်ညာနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
ငွေလိမ်လုပ်ငန်းတွေအားလုံးကို ပိတ်ချပြီးပြီဆိုရင် မြန်မာနယ်စပ်မြို့နယ်တွေဆီ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ပြန်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေဘက် သတင်းပေးထားပြီးဖြစ်တယ်လို့ ဝန်ကြီး Phumtham က ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်မှာ စတင်ခဲ့တဲ့ မြန်မာဘက်က နေရာငါးခုဆီ အဲဒီအထောက်အပံ့တွေ ထိုင်းဘက်ကနေ ဖြတ်တောက်လိုက်မှုဟာ မြန််မာနိုင်ငံတွင်းက ငွေလိမ်လုပ်ငန်းတွေနဲ့ဆက်စပ်မှုတွေကို ကိုင်တွယ်နိုင်ဖို့ မှန်ကန်တဲ့ ချဉ်းကပ်မှုဖြစ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်မယ့် ထိုင်းကုန်ပစ္စည်းတွေကို တားဆီးပိတ်ပင်ပေးဖို့ သပိတ်မှောက်မှုတွေဟာလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး လို့ ထိုင်းဝန်ကြီးက ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းလာမယ့် အဲဒီနိုင်ငံခြားသားတွေအနေနဲ့ အမှန်တကယ် လူကုန်ကူးခံရသူတွေဟုတ် မဟုတ်နဲ့ မြန်မာနိုင်ငံဘက်က ဖုန်းလိမ်လည်စင်တာတွေမှာ ကိုယ့်သဘောနဲ့ကိုယ် အလုပ်လုပ်ဖို့ သွားရောက်ခဲ့တာလည်းဆိုတာ မေးမြန်း စုံစမ်းဦးမယ်လို့ ဆိုထားပါတယ်။
အဲဒီလို မေးမြန်းစစ်ဆေးမှု လုပ်ငန်းစဉ်ဟာ တစ်လလောက် ကြာမြင့်မှာဖြစ်ပြီး အဲဒါတွေ ပြီးရင်တော့ ပြစ်မှုရှင်းလင်းသူတွေဟာ မိခင်နိုင်ငံတွေဆီ ပြန်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
Ref:ThaiPBS