နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂
ဒေသခံတိုင်းရင်းသားတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် မိမိတို့ လိုလားချက်တွေကို နိုင်ငံရေးနည်းလမ်းနဲ့စေ့စပ်ညှိနှိုင်းအဖြေရှာရေး အားပေးဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာက မှန်ကန်တဲ့ ကောင်းကျိုးရလဒ်တွေ ရရှိနိုင်မှာ မဟုတ်တဲ့အတွက် တိုင်းရင်းသားတွေကြား တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရေး ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ကြိုဆိုနေတယ်လို့ လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီအတွက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး တိုင်းရင်းသားတွေ လက်တွဲပူးပေါင်းဖို့ သူက တိုက်တွန်းတာပါ။
စစ်ကောင်စီအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ဖြစ်တဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတွေကို ထိန်းကျောင်းပေးတဲ့ လွှတ်တော်တံခါးတွေလည်း ပိတ်လှောင်ခံထားရတာပါ။
စစ်ခေါင်းဆောင်ကတော့ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာအဓိကဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်ထောင်စုတဝန်းလုံး တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တဲ့ စစ်တပ်ဟာ လက်ရှိမှာ နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်စစ်တွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI