ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

မိမိအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဆုံးဖြတ်ခဲ့တာဟာ မလိုမုန်းထားတဲ့ အတိုက်အခံတွေကြောင့် ဖြစ်တယ်လို့ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က တရားရုံးမှာ ပြောကြားလိုက်ပါတယ်။

အတိုက်အခံတွေက သူ့ကို ထောက်ခံ ကြိုဆိုဖို့နဲ့ လက်တွဲ အလုပ်လုပ်ဖို့ ငြင်းဆန်တာဟာ သူ့အစိုးရကို ဖျက်ဆီးပစ်လိုတဲ့ သဘောထားကို လှစ်ဟပြနေတာ ဖြစ်တယ်လို့ သမ္မတ ယွန်က ပြောပါတယ်။

အရင်က အစိုးရရှေ့နေ ဖြစ်ခဲ့သူ သမ္မတ ယွန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်မှာ အရပ်ဖက်အုပ်ချုပ်ရေး အဆုံးသတ်ပြီး လွှတ်တော်ထဲကို စစ်သားတွေ ဝင်ရောက်ဖို့ ညွှန်ကြားထားတဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့တာကြောင့် တောင်ကိုရီးယားမှာ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေ စတင်ခဲ့ရတာပါ။

ဒါပေမယ့် စစ်အုပ်ချုပ်ရေးဥပဒေ ကြိုးပမ်းမှုဟာ ၆ နာရီတည်း ကြာမြင့်ခဲ့ပြီး အတိုက်အခံ ဦးဆောင်တဲ့ လွှတ်တော်က မဲခွဲ ပယ်ချပြီး နောက်ပိုင်းမှာ သမ္မတ ကို စွပ်စွဲ ပြစ်တင်ခဲ့ပါတယ်။

ဇန်နဝါရီ လလယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ သမ္မတ ယွန်ဟာ တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ဆဲ ဖမ်းဆီးခံရတဲ့ ပထမဆုံးသမ္မတ ဖြစ်ပါတယ်။

တောင်ကိုရီးယား အတိုက်အခံတွေဟာ မိမိ အပေါ် လေးစားသမှု မရှိဘူးလို့ သမ္မတ ယွန်က ဖေဖော်ဝါရီ ၁၁ ရက် ရုံးချိန်းမှာ တရားရုံးထံ ထွက်ဆိုခဲ့တာပါ။

မိမိကို ဘယ်လောက်ပဲ သဘောမကျ ဖြစ်နေပါစေ ယေဘုယျအားဖြင့်တော့ မိမိပြောစကားကို နားထောင်ပြီး ညှိနှိုင်းရမှာ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

လွှတ်တော်မှာ မိန့်ခွန်းပြောကြားချိန်ကလည်း လွှတ်တော်အမတ် တစ်ဝက် မပြည့်ခဲ့ဘဲ မိမိကို လက်ဆွဲ နှုတ်ဆက်ဖို့လည်း ငြင်းဆန်ခဲ့ကြတယ်လို့ သမ္မတ ယွန်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာတာဟာ ဖွဲ့စည်းပုံ ကာကွယ်ရေးအတွက် ဖြစ်ကြောင်းနဲ့ အတိုက်အခံတွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေ ဖြစ်တယ်လို့ သမ္မတက ပြောဆိုခဲ့တာဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.