မြဝတီ၊ ဖေဖော်ဝါရီ ၁၃
စစ်ကောင်စီဘက်က မြဝတီမြို့နယ်ထဲကို စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်ပင်ထားပေမယ့် ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့က ရွှေကုက္ကိုလ်မြို့မှာ စက်သုံးဆီရရှိရေးအတွက် ဘားအံနဲ့လှိုင်းဘွဲမြို့နယ်အထိ သွားရောက်ပြီး စက်သုံးဆီဝယ်ယူနေတယ်လို့ ရွှေကုက္ကိုလ်ဒေသခံတွေက သံလွင်တိုင်းမ်ပြောပါတယ်။
ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ထိုင်းနိုင်ငံအစိုးရက ဖေဖော်ဝါရီ ၅ ရက်ကစလို့ မြန်မာဘက်ခြမ်းကို ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီတို့ကို ဖြတ်တောက်ခဲ့ရာ မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်မြို့တွေမှာ စက်သုံးဆီဝယ်ယူရရှိမှု ခက်ခဲလာနေသလို ဈေး နှုန်းလည်း အဆမတန် ပေးဝယ်နေခဲ့ရတာပါ။
မြဝတီမြို့ပေါ်မှာ စက်သုံးဆီဝယ်ယူရရှိဖို့အတွက် ဆီဆိုင်တွေမှာ အချိန်အတန်ကြာ သွားရောက်တန်းစီစောင့်ဆိုင်းနေရပြီး အကန့်အသတ်နဲ့သာ ထည့်သွင်းအသုံးပြုနေရကာ ဒေသခံတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်ကို ဖြတ်ကူးပြီး စက်သုံးဆီတွေကို သွားရောက်ဝယ်ယူနေရပါတယ်။
ထိုင်းက ဆီဖြတ်တောက်ထားလိုက်တဲ့အတွက် ကျားဖြန့်လုပ်ငန်းတည်ရှိတဲ့ ရွှေကုက္ကိုလ်မြို့တွင်းထဲမှာလည်း အခုရက်ပိုင်းထဲ စက်သုံးဆီပြတ်လပ်လာနေပြီး စက်သုံးဆီရရှိဖို့အတွက် ကရင်နယ်ခြားစောင့်တပ် BGF က ဘားအံ လှိုင်းဘွဲမြို့နယ်တွေထဲ သွားရောက်ပြီး စက်သုံးဆီကို ရနိုင်တဲ့နည်းလမ်းနဲ့ အများအပြား ဝယ်ယူစုဆောင်းနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘားအံ၊ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ BGF တပ်ဖွဲ့တွေက ကားနဲ့အလုံးအရင်း သွားရောက်ဝယ်ယူနေပြီး ရွှေကုက္ကိုလ်မြို့ထဲကို သယ်ယူပို့ဆောင့်ခဲ့ကာ ပြန်လည်ရောင်းချနေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
နယ်စပ် မြဝတီက စက်သုံးဆီဂယက်ကြောင့် ဘားအံမြို့ပေါ်မှာလည်း စက်သုံးဆီတွေကို အကန့်အ သတ်နဲ့သာ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီနဲ့ရွှေကုက္ကိုလ်မြို့တွေထဲမှာ စက်သုံးဆီအရေး အခက်ကြုံနေရတဲ့အချိန်မှာ ဘားအံမြို့က အ ဝင်အထွက် စစ်ဆေးရေးဂိတ်တွေနဲ့ ဘားအံ-လှိုင်းဘွဲ-ကော့ကရိတ်လမ်း၊ ဘားအံ-ကျုံဒိုး-ကော့ကရိတ်လမ်းတွေမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီက စက်သုံးဆီသယ်ဆောင်လာတဲ့ အရပ်သားပိုင်ယာဉ်တွေကို တားဆီးစစ်ဆေးကာ စက်သုံးဆီပုံးတွေကို သိမ်းဆည်းနေပါတယ်။
စစ်ကောင်စီဘက်က အရပ်သားတွေရဲ့ အိမ်စီးကားတွေ ခရီးသည်တင်ကားတွေ ကုန်တင်ယာဉ်တွေကနေ စက်သုံးဆီပုံးသယ်ယူလာတာကို ဖမ်းဆီးသိမ်းဆည်းခဲ့ပေမယ့် BGF DKBA စတဲ့ အဖွဲ့အ စည်းတွေက စက်သုံးဆီတင်ဆောင်လာပါက ဖမ်းဆီးသိမ်းဆည်းမှုမရှိဘဲ စက်သုံးဆီသယ်ယူခွင့်ပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ