ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁
အမေရိကန်က တောင်ကိုရီးယား ဆိပ်ကမ်းတစ်ခုဆီ ရေငုပ်သင်္ဘော စေလွှတ်ပြီး ပြင်းထန်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှု ထပ်လုပ်နေကြောင်း၊မိမိတို့အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်မှု လုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောကြားကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စီး ပေါ်လာတာဟာ မြောက်ကိုရီးယားနဲ့ ထိပ်တိုက်တွေ့ဖို့ အမေရိကန်ရဲ့ ပြောင်းလဲ မသွားတဲ့ သဘောထားကို ဖော်ပြနေတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမည်ဖော်ပြမထားတဲ့ အရာရှိ တစ်ယောက်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-11-164157.png?resize=640%2C369&ssl=1)
အခုလို အမေရိကန်ရဲ့ အန္တရာယ်များပြီး ရန်စတဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ စစ်ရေးပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခဆီ ဦးတည်သွားနိုင်တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး KCNA သတင်းမှာ ရေးပါတယ်။
မိမိတို့ စစ်တပ်အနေနဲ့ ရန်စသူတွေကို ဒဏ်ခတ်ရေး တရားဝင် အခွင့်အရေးကို အသုံးချဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အမေရိကန်ရဲ့ လျှပ်တပြက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အလက်ဇန်းဒရီးယားဟာ လိုအပ်တဲ့ပစ္စည်းတွေ ပြန်လည် ဖြည့်တင်းရေးနဲ့ အမှုထမ်းတွေ အနားရစေရေး ဘူဆန် ဆိပ်ကမ်းသို့ ရောက်ရှိနေကြောင်း မီဒီယာတွေက တောင်ကိုရီးယား ရေတပ်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၀ ရက်က ဖော်ပြခဲ့တာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-11-164207.png?resize=640%2C421&ssl=1)
အတည်ပြုပေးဖို့နဲ့ မှတ်ချက် ပေးဖို့ ဆက်သွယ်တာကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်မှု မရှိပါဘူး။
နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဟာ အမေရိကန် ပစိဖိတ် ရေယာဉ်စုမှာ ပါဝင်ပြီး Tomahawk ခရု့ဇ် ဒုံးကျည်တွေ တပ်ဆင်ထားကြောင်း အမေရိကန် ရေတပ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန်စစ်တပ် ရှိနေတာနဲ့ နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ပုံမှန်ဆိုသလို ကန့်ကွက်နေပြီး လက်တုံ့ပြန်မယ်လို့လည်း မကြာခဏ ခြိမ်းခြောက်လေ့ရှိပါတယ်။
အမေရိကန်မှာ အိမ်ဖြူတော်သို့ ဒေါ်နယ် ထရန့် ဒုတိယအကြိမ် ပြန်ရောက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယားက ရန်လိုတဲ့ အပြုအမူတွေ ပြန်လည် အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
သမ္မတ ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဆွေးနွေးလိုကြောင်း ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
Ref:Reuters