ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁

ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေကို ကြီးကြီးမားမား တိုးချဲ့မှုအဖြစ် အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိနဲ့ဒန်သတ္တု အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က အမိန့်ထုတ်လိုက်ပါတယ်။

ဝါရှင်တန်ကို သတ္တုအများဆုံး ထောက်ပံ့နေတဲ့ ကနေဒါနဲ့ တခြားနိုင်ငံတွေက လက်တုံ့ပြန်သွားမယ်လို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် အမေရိကန်သို့ သတ္တု တင်သွင်းမှု ကုန်ကျစရိတ် မြင့်တက်လာစေမယ့် အခုလို အခွန်ကောက်မယ့် အမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သွင်းကုန်တွေအပေါ် အမှီပြုနေရတဲ့ အမေရိကန်လုပ်ငန်းတွေက သတိပေးခဲ့ပေမယ့်လည်း သမ္မတ ထရန့်က သူ့ရဲ့ အစီအစဉ်တွေကြောင့် ပြည်တွင်း ထုတ်လုပ်မှု အားပိုကောင်းလာလိမ့်မယ်လို့ ပြောကြားထားပါတယ်။

သူ့အနေနဲ့ ဥပဒေတွေကို ရိုးရှင်းသွားအောင် လုပ်တာလို့ ပြောပြီး ခြွင်းချက် ရှိမှာ မဟုတ်ဘူးလို့ သတိပေးထားတာပါ။
သံမဏိနဲ့ဒန်သတ္တုအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှုဟာ မတ်လ ၄ ရက်မှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဒါက အမေရိကန်ကို တစ်ကျော့ပြန် ချမ်းသာအောင် စတင် လုပ်ဆောင်လိုက်တဲ့ ကြီးမားတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

မိမိတို့ နိုင်ငံအနေနဲ့ ပြည်တွင်းထုတ် သံမဏိနဲ့ ဒန်သတ္တုတွေ လိုအပ်ပြီး ပြည်ပ ထုတ်ကုန်တွေကို မလိုအပ်ဘူးလို့ သူက ပြောပါတယ်။
အခွန် တိုးကောက်လိုက်တာကြောင့် စားသုံးသူတွေအတွက် ဈေးနှုန်း မြင့်လာမှာ မဟုတ်ဘူးလားလို့ မေးမြန်းချိန်မှာတော့ သမ္မတက အဆုံးစွန် ပြောရရင် ဈေးပို သက်သာမှာပါလို့ ဆိုပါတယ်။

မိမိတို့ရဲ့ စက်မှုလုပ်ငန်းတွေ အမေရိကန်ဆီ ပြန်လာဖို့ အချိန်ကျရောက်ပြီ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ သံမဏိ အများဆုံး တင်သွင်းတဲ့နိုင်ငံ ဖြစ်ပြီး ကနေဒါ၊ မက္ကစီကိုနဲ့ ဘရာဇီးက အများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သို့ တင်သွင်းခဲ့တဲ့ ဒန်သတ္တု စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ ကနေဒါ တစ်နိုင်ငံတည်းက ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခွန်ကောက်ခံမှု အသက်ဝင်လာရင် ကနေဒါအပေါ် အသိသာဆုံး ရိုက်ခတ်မယ်လို့ မျှော်လင့်ရပါတယ်။အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှု တရားမမျှတဘူးလို့ ကနေဒါက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောဆိုထားတာပါ။

ကနေဒါက အမေရိကန်သို့ တင်ပို့တဲ့ ကုန်စည် ပမာဏဟာ အမေရိကန်ဆီက သူတို့ ဝယ်ယူတဲ့ ကုန်စည် ပမာဏထက် အများကြီး ပိုများနေတာကြောင့် ကုန်သွယ်ရေး လိုငွေ ပြမှုဟာ ထရန့်အတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.