နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းပေးနေတဲ့တရုတ်က မြန်မာ့ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့မူ ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုဟာ ပြက်လုံးအဖြစ် ဝေဖန်ခံနေရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ လင်ဂျင်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်လို့ အမျိုးသားရင်ကြားစေ့ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ညှိနှိုင်းနေမှုနဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ် ပြန်လည်စတင်တာကို ထောက်ခံတယ်လို့ ပြောထားတာပါ။
မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တယ်လို့ တရားဝင်ကြေညာထားတဲ့ တ ရုတ်အစိုးရဟာ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အုပ်စုတွေ အနိုင်ရသွားမှာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ နောက်ကွယ်မှာ ပြောဆိုထားတာပါ။
အဲဒီနောက်ပိုင်း MNDAA က မြန်မာ့အရေး တရုတ်ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ပြီး TNLA ကလည်း တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။
တစ်ဘက်မှာ စစ်ကောင်စီရဲ့လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအပါအဝင် ရွေး ကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေအတွက် တရုတ်ကအကူအညီပေးခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ထောက်ခံတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အပစ်ခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးပြီး ရွေးကောက်ပွဲကို ထောက်ခံတာဟာ မြန်မာ့ပြည်တွင်းရေးကို တိုက်ရိုက်စွက်ဖက်နေတာလို့ သုံးသပ်ပါတယ်။
“စစ်ရပ်စဲဖို့ တွေ့ဆုံဆွေးနွေးမှုလုပ်ကြဖို့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ဆိုတဲ့ ကိစ္စကလည်း ဖိအားပေးဦးဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီကို ပြိုကွဲမသွားအောင် ရပ်ခံမယ်။ စစ်ကောင် စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံတယ် စသည်အားဖြင့် ဒီလိုလုပ်ကိုင်ခဲ့တာက မြန်မာပြည်တွင်းရေးကို တိုက်ရိုက်စွက်ဖက်ရုံမက အချုပ်အခြာအာဏာပိုင်မှုကိုပါ ထိပါးနေတာ တစ်ကမ္ဘာလုံးက သိပါတယ်။ အဲဒီတော့တရုတ်က မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ပါဘူးလို့ ပြောတာဟာ နိုင်ငံတကာဆက်ဆံရေးမှာ အလွန်ပေါ်လွင်ထင်ရှားတဲ့ ပြက်လုံးတစ်ခု ဟာသစကားလုံးတစ်ခုအဖြစ် ကျွန်တော်တော့ ယူဆပါတယ်” လို့ ဆိုပါတယ်။
ISP Myanmar ရဲ့ အချက်အလက်တွေအရ ရှမ်းမြောက်အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအ လယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ၁၉ ခုရှိတဲ့ထဲက ၁၀ ခုကို EAOs တွေနဲ့ PDF တွေက အပြည့်အဝ ထိန်းချုပ်ထားတာပါ။
ဒါကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေး အကြောင်းပြချက်နဲ့ တိုက်ပွဲရပ်တန့်ဖို့ နီးစပ်တဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြောခဲ့ပေမယ့် နှစ်ဘက်အဖွဲ့ကတော့ ဒီကနေ့အထိ မထုတ်ပြန်ခဲ့ပါဘူး။
တစ်ဘက်မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒေသတည်ငြိမ်ရေးအတွက် တိုက်ပွဲရပ်တန့်ဖို့ ဖိအားအမျိုးမျိုးပေးခဲ့ပေမယ့် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကိုတော့ နှုတ်ဆိတ်နေခဲ့ပါတယ်။
မြန်မာ့ပြဿနာဖြေရှင်းရေးအတွက် အာဏာကို အရယူထားတဲ့ စစ်တပ်ကို ထိန်းချုပ်လွှမ်းမိုးထားဖို့ အဓိကကျတယ်လို့ တရုတ်ကမြင်တဲ့အတွက် စစ်တပ်ရဲ့ လုပ်ဆောင်မှုမှန်သမျှကို ထောက်ခံနေတာလို့ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
“အာဏာရှင်ပါတီဆိုတော့ မော်စီတုန်းရဲ့ အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်ဆိုတဲ့ အ ယူအဆကို လက်ခံထားတာကိုး။ အဲဒီတော့ သေနတ်ပြောင်းဝရှိတဲ့ စစ်တပ်ကို အားကိုးရေး စစ်တပ်ကို ထိန်းချုပ်လွှမ်းမိုးထားရေးဟာ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးအတွက် အဓိကကျတယ်ဆိုတဲ့အမြင်ပေါ်ကနေ စစ်တပ်လုပ်တာမှန်သမျှ ထောက်ခံနေတာ။ စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်နေတယ် လေကြောင်းထိုးစစ်တွေလုပ်တယ်။ စစ်တပ်က အိမ်ရာတွေကို မီးရှို့တယ်။ အခုကတော့ လူငယ်တွေ စစ်တပ်ကဖမ်းဆီးပြီး စစ်ထဲဆွဲသွင်းတဲ့ အဓမ္မအမှုတွေလည်း ထောက်ခံနေတာ ဘာမှမပြောဘူး” လို့ ဆိုပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း လက်ရှိ တော်လှန်ရေးဟာ မြန်မာ့ပြည်တွင်းရေးလို့ တရုတ်အစိုးရက အစပိုင်းမှာ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြောက်ပိုင်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို NUG နဲ့ မဆက်သွယ်ဖို့ ဖိအားပေးလာတာတွေ့ရတယ်လို့ ပြောထားတာပါ။
တရုတ်အစိုးရက မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ရှေ့ နောက်မညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ ဆောင်ရွက်လာနေတာလို့ ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ