မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ရှိ တက္ကသိုလ်လေ့ကျင်ရေးတပ်ဖွဲ့မှာ ပါဝင်လိုတဲ့ ကျောင်းဆ ရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စစ်သင်တန်းပေးသွားမယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီစစ်သင်တန်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နဲ့နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးရဲ့ အမှတ် ၃ တက္ကသိုလ်လေ့ကျင့်ရေးတပ်က လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သင်တန်း တက်ရောက်ကျမယ့်သူတွေဟာ ၂၀၂၄-၂၀၂၅ တက္ကသိုလ် ပညာသင်နှစ်ရဲ့ မော်လမြိုင်တက္ကသိုလ်ရှိ ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်ပြီး အရေအတွက် အတိ အကျကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိပါဘူး။
အရင်က တက္ကသိုလ်ကျောင်းတွေမှာ စစ်ပညာ သင်ကြားဖို့အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေက ခေါ်ယူမှုရှိခဲ့ပေမယ့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထုတ်ပြန်ပြီးနောက် ကင်းလွတ်ခွင့် လျှောက်ထားလို့ရတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စစ်သင်တန်းပေးတာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ CDM အသိုင်းအဝိုင်းက ပြောကြပါတယ်။
“ပုံမှန်ဆိုရင် စစ်မှုထမ်းဥပဒေ သူတို့ထုတ်တဲ့ဟာကိုပဲ ကြည့်မယ်ဆိုရင် သူတို့သည်ကျောင်းတက်တဲ့ ကလေးတွေဟာ စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားလို့ရတယ်။ လျှောက်ထားလို့ရတဲ့အခါကျတော့ ဒီကလေးတွေက လွတ်နေနိုင်တယ်ပေါ့။ သဘောက အခုလို UTC ရဲ့ အထဲကို ဝင်ပြီးတော့ ဒီလို ပြန်ကုတ်လိုက်တဲ့ အခါကျတော့ ကလေးတွေလည်း မလွတ်တော့ဘူးပေါ့” လို့ CDM တက္က သိုလ် ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ပညာသင်တန်တက်ခြင်းအားဖြင့် စစ်မှုထမ်းတဲ့အခါကာလ တစ်ခုလောက်ထိ လျော့ပေါ့ခွင့်ရနိုင်တယ်ဆိုပြီး မက်လုံးပေးတာတွေရှိနိုင်သလို ကျောင်းပြီးပါကလည်း တစ်ခါတည်း စစ်မှု ထမ်းရနိုင်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကတော့ တက္ကသိုလ်က ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အခြေ ခံစစ်ပညာနဲ့တန်းမြင့် စစ်ပညာသင်တန်းပေးတာဟာ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်တွေ ရရှိပြီး အနာဂတ်နိုင်ငံတော် တာဝန်တွေထမ်းဆောင်တဲ့အခါမှာ အထောက်အကူရရှိစေဖို့လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ တက္ကသိုလ်တွေအတွက် စစ်သင်တန်းတွေကို နေပြည်တော်၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်း ကမာရွတ်မြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ပဲခူးတိုင်း တောင်ငူမြို့တွေမှာ သင်တန်းပေးသွားမယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အထိ သင်တန်း ပေးနေပြီး ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် တက္ကသိုလ်တွေ စုပေါင်းကာ အခုလို စစ်သင်တန်း ပေးလာတာပဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI