မိုးကုတ်မြို့၊ ဖေဖော်ဝါရီ ၁၁

TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားငါးဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညသန်ခေါင်ယံအချိန်မှာ မိုးကုတ်မြို့အနောက်ပိုင်းကို လေကြောင်းကနေ ဗုံးအလုံး ၂၀ နီးပါး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားငါးဦးသေဆုံးပြီး ဒေသခံအမျိုးသမီးငါးဦးနဲ့ အမျိုး သား ၁၄ ဦး၊ စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း နောင်ချိုမြို့မှာတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဘိုဘွားရိပ်သာစခန်းတွေ ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အရပ်သား ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.